ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဗိုလ်ချုပ်ကြီးကျော်စွာလင်း ကမ်းခြေစောင့်တပ်ဖွဲ့(၅)နှစ်မြောက် တပ်နှစ်ပတ် လည်နေ့အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော် အောက်တိုဘာ ၆

Tuesday, October 6, 2026 - 06:15

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဗိုလ်ချုပ်ကြီးကျော်စွာလင်း ကမ်းခြေစောင့်တပ်ဖွဲ့(၅)နှစ်မြောက် တပ်နှစ်ပတ် လည်နေ့အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် အောက်တိုဘာ  ၆

 

မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း၏ (၅)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်၊ ကမ်းခြေ စောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၌ ကျင်းပပြုလုပ်ရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်း တက် ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့   ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်နှင့်ရေတပ်စခန်းဌာနချုပ်များမှဌာနချုပ်မှူးများ၊ တပ်မတော်(ရေ)နှင့်ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

အခမ်းအနားအစီအစဉ်အရ တပ်ဖွဲ့ ဖွဲ့စည်းခြင်း ၅ နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် Recreation Center ဖွင့်ပွဲကိုကျင်းပပြုလုပ်ရာ ဦးစွာ တာဝန်ရှိသူတစ်ဦးက အဆိုပါ အဆောက်အအုံတည်ဆောက်ခဲ့မှုနှင့်ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြသည်။ 

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က Recreation Center အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ကဗ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့်  ပက်ဖျန်းပေးသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ကမ်းခြေစောင့်တပ်ဖွဲ့ တည်ထောင်ခြင်း ၅ နှစ်ပြည့်အထိမ်းအမှတ်တပ်နှစ်ပတ်လည်နေ့အခမ်းအနား၌ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲက အမျှော် အမြင်ကြီးမားစွာဖြင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်တွင် စတင်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် အတွင်းပိုင်းရေပြင်မှသီးသန့်စီးပွားရေးဇုန်အထိ ဧရိယာအတွင်း ရေကြောင်းဆိုင်ရာလုံခြုံရေးနှင့်တရားဥပဒေ  စိုးမိုးရေးဆိုင်ရာလုပ်ငန်းများအား တာဝန်ခံစီမံကွပ်ကဲဆောင်ရွက်ရန်၊ အမျိုးသားရေကြောင်း အကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်ရန်၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်၊ ပင်လယ်ဖြတ်ကျော်မှုခင်းများနှိမ်နင်းရန်၊ သတင်းအချက်အလက်များဖလှယ်ရန်၊  နိုင်ငံတကာကမ်းခြေစောင့်တပ်ဖွဲ့များနှင့်ချိတ်ဆက်ပြီး သံတမန်ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရန်နှင့်စစ်မက်ကာလတွင် တပ်မတော်(ရေ)အား အထောက်အကူပြုရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းပေးထားခြင်းဖြစ် ကြောင်း။ 

နိုင်ငံတော်၏ပင်လယ်ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွားနှင့်အဏ္ဏဝါပတ်ဝန်းကျင်ဆိုင်ရာ ဘေးကင်းလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် ပင်မကမ်းခြေကမ်းရိုးတန်းမှ သီးသန့်စီးပွားရေးဇုန်အထိ ရေပြင်၊ ဝေဟင်နှစ်ရပ်စလုံးမှ ကာကွယ်ထိန်းသိမ်းစောင့်ရှောက် နိုင်စွမ်းရှိသည့် အရည် အချင်းပြည့်ဝသော ကမ်းခြေစောင့်တပ်ဖွဲ့ဖြစ်လာရမည်ဆိုသည့် မျှော်မှန်းချက်အမြင်ဖြင့် တည်ထောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့မြန်မာ့ပင်လယ်ပြင်သည် နိုင်ငံတော်၏ ကုန်သွယ်ရေး National Trade အတွက် အရေးပါသည့် အသက်သွေးကြောဖြစ်သကဲ့သို့ အင်ဒို-ပစိဖိတ်ဒေသနှင့် အိန္ဒိယ သမုဒ္ဒရာ၊ အရှေ့တောင်အာရှနှင့်တောင်အာရှ၊ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီးများဖြစ်သော တရုတ်နှင့်အိန္ဒိယတို့ကို ဆက်သွယ်ပေးထားသည့် ပထဝီနိုင်ငံရေးပေါင်းကူး ဆက်စပ်ရပ်ဝန်းလည်းဖြစ်ကြောင်း။ 

ယနေ့အချိန်တွင်  မိမိတို့နိုင်ငံသည် ပြည်သူလူထုက ဒီမိုကရေစီ နည်းလမ်းတကျရွေးချယ်တင်မြှောက်သည့် နိုင်ငံတော်အစိုးရသစ်၏ ဦးဆောင်မှုနှင့်အတူ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကို  တည်ဆောက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် မိတ်ဖက်နိုင်ငံများနှင့် မဟာဗျူဟာမြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ထိုသို့ပူးပေါင်းဆောင်ရွက်မှုများတွင် ပင်လယ်ရေ ကြောင်းကဏ္ဍများနှင့် ပင်လယ်ပြာစီးပွားရေးလုပ်ငန်း များလည်း အများအပြားပါဝင်လျက်ရှိကြောင်း။

ပင်လယ်ရေကြောင်းဆိုင်ရာကိစ္စရပ်များသည် ကျယ်ပြန့်နက်နဲသည့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ ဥပဒေကြောင်းဆိုင်ရာကိစ္စရပ်များ၊ နည်းပညာစံနှုန်းဆိုင်ရာကိစ္စရပ်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ဆက်နွှယ်နေသည်ကိုလည်း သတိပြုကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ပင်လယ်ရေကြောင်းဆိုင်ရာ မူလစွမ်းရည် Maritime Potential ကို ထိရောက်စွာအသုံးချနိုင်ပြီး ပင်လယ်ရေကြောင်းဆိုင်ရာကဏ္ဍများတွင် နိုင်ငံတော်၏ပုံရိပ်ကောင်းနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။

တပ်ဖွဲ့၏   တာဝန်များကိုထမ်းဆောင်ရာတွင် နိုင်ငံတော်၏ ပင်လယ်ရေကြောင်း အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းနှင့် ပင်လယ်ရေကြောင်း တရားဥပဒေစိုးမိုးရေးဆောင်ရွက်ခြင်းအပြင် ပင်လယ်ရေကြောင်းလုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးစသည့်တာဝန်များကိုလည်း ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ယင်းတာဝန်များသည် တပ်ဖွဲ့စတင် ဖွဲ့စည်းစဉ်ကပင် သတ်မှတ်ပေးထား သည့် တပ်ဖွဲ့၏စွမ်းရည်များပင်ဖြစ်ကြောင်း။

မြန်မာ့ပင်လယ်ပြင်အတွင်း ရေလုပ်သားနှင့်ရေကြောင်းသွားလာသူများကို အကာအကွယ်‌ပေးရေး၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးနှင့်လူသားချင်းစာနာအကူအညီပေးရေး၊ တရားမဝင်မှောင်ခိုလုပ်ငန်းနှင့်အကောက်အခွန်မဲ့ပစ္စည်း တားဆီးကာကွယ်ရေး၊ ပင်လယ်ဓားပြ   တားဆီးကာကွယ်ရေး၊ လူမှောင်ခို၊ မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းမှောင်ခိုတားဆီးကာကွယ်ရေးတာဝန်များအပြင် နိုင်ငံတော်၏ ပင်လယ်ရေကြောင်းထိန်းချုပ်နေရာကာကွယ်‌ ရေး(Choke Point Control)နှင့် သံတမန်ရေးတာဝန်များကို တပ်မတော်(ရေ)၊ ရေကြောင်းရဲတပ်ဖွဲ့များနှင့်ဟန်ချက်ညီစွာ လက်တွဲဖော်ဆောင်သွားကြရန်လိုကြောင်း။ 

ကမ်းခြေစောင့်တပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်များကို ထိုကဏ္ဍများတွင် လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်စွာ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပ သင်တန်းများ စေလွှတ်ပြီး သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် တပ်ဖွဲ့ဝင်များအနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များတွင်ရှိသင့်သည့် စွမ်းရည်မြင့်မားမှု၊ နိုင်ငံတကာ သုံးဘာသာစကားဆိုင်ရာကျွမ်းကျင်မှုနှင့်ပင်လယ်ရေကြောင်းဥပဒေဆိုင်ရာကျွမ်းကျင်မှုများရှိအောင်  ကြိုးစားသင်ယူနေကြရမည်ဖြစ်ကြောင်း၊  နိုင်ငံတော်အနေဖြင့်လည်း ကမ်းခြေစောင့်တပ်ဖွဲ့အတွက် ကမ်းလွန်ကင်းလှည့်ရေယာဉ်များ၊ အမြန်သွားကင်းလှည့် ရေယာဉ်များနှင့် ရေယာဉ်ငယ်များကို ဖြည့် တင်းပေးလျက်ရှိကြောင်း။

မြန်မာ့ပင်လယ်ရေကြောင်း အကျိုးစီးပွားများကို ထိထိရောက်ရောက်ထိန်းသိမ်းကာကွယ်စောင့် ရှောက်နိုင်ရန်အတွက် ဥပဒေနှင့်အညီ ခိုင်မာစွာ  ရပ်တည်ဆောင်ရွက်နိုင်အောင် နိုင်ငံတော်အနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် ကမ်းခြေ စောင့်တပ်ဖွဲ့ဥပဒေနှင့်အညီ တည်ကြည်ဖြောင့်မတ်ခိုင်မာစွာ မြန်မာ့ပင်လယ်ရေကြောင်း အကျိုးစီးပွားများ၊ ပင်လယ်ပြာစီးပွားရေးလုပ်ငန်းများနှင့် အဏ္ဏဝါဂေဟစနစ်နှင့် သယံဇာတများကိုဂရုတစိုက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း။

ထိုသို့ ဆောင်ရွက်နိုင်မှသာ “Good Order at Sea” “ပင်လယ်ပြင် ငြိမ်ဝပ်ပိပြားမှု စနစ်တကျရှိစေရေး” ဆိုသည့်တပ်ဖွဲ့၏စွမ်းဆောင်ရည်   လုပ်ငန်းတာဝန်ကိုလည်း ကျေပွန်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ကမ်းရိုးတန်းနိုင်ငံများ၏ စီရင်ပိုင်ခွင့် အာဏာ အတွက်အရေးပါသည့် နိုင်ငံတော်က သ‌ဘောတူလက်မှတ် ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာရေကြောင်းဥပဒေ၊ ကွန်ဗင်းရှင်းများနှင့်နောက်ဆက်တွဲစာချုပ်များကိုလည်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ကာ “Good Governance at Sea” ဆို သည့် “ပင်လယ်ပြင်မှာ ကောင်းမွန်တရားမျှတသော ဥပဒေစိုးမိုးစေရေး” တာဝန်ကိုလည်း ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။

တပ်ဖွဲ့ဝင်များအနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့၏ရည်ရွယ်ချက်များကို  အလေးအနက်ထား  အကောင်အထည်ဖော်ပြီး  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရာတွင် နိုင်ငံတော်၏ ပင်လယ်ရေကြောင်း  အကျိုးစီးပွားနှင့် ရေကြောင်းသယံဇာတများ ထိန်း သိမ်းကာကွယ်စောင့်ရှောက်ရေး တာဝန်ကို  ကျေပွန်အောင်ထမ်းဆောင်ကြရန်၊   နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့်   ပင်လယ်ရေကြောင်းအဆောက်အအုံများနှင့် ပင်လယ်ပြာ စီးပွားရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများတွင် ပေးအပ်သည့်တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ကြရန်လိုကြောင်း။

ကမ်းခြေစောင့်တပ်ဖွဲ့၏တာဝန်များကို ထမ်းဆောင်ကြရာတွင် နိုင်ငံ‌တော်၏အချုပ်အခြာအာဏာ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ပိုင်ခွင့်  တည်တံ့ခိုင်မြဲရေးကို အလေးအနက်ထား   အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် စွမ်းရည်ထက်မြက် ရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကိုအလေးထားပြီး နိုင်ငံတကာကမ်းခြေစောင့်တပ်ဖွဲ့ များနှင့် ရင်ပေါင်တန်းနိုင်အောင် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ ရှည်လျားသည့်ကမ်းရိုးတန်းနှင့် ကျယ်ဝန်းသည့် မြန်မာ့ရေပြင် နယ်နိမိတ်တစ်လျှောက်အချိန် မရွေး နေရာမရွေး ပေါ်ပေါက်လာနိုင်သည့် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုတိုင်းကို တားဆီးကာကွယ်နိုင်စွမ်းရှိပြီး   မြန်မာ့ပင်လယ်ပြင်ကို လုံခြုံဘေးကင်း သည့်  ပင်လယ်ပြင်၊ တည်ငြိမ် အေးချမ်းသည့်ပင်လယ်ပြင်၊ သန့်ရှင်းသည့်ပင်လယ်ပြင်၊ ပိုမိုထုတ်လုပ်နိုင်စွမ်းရှိသည့် ပင်လယ်ပြင်တစ်ခုဖြစ်အောင် ကြိုးပမ်းတည်ဆောက်သွားကြ ရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ပတ်သက်သည့်  အထိမ်းအမှတ် မှတ်တမ်း video ကိုကြည့်ရှုကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် ကမ်းခြေစောင့်တပ်ဖွဲ့ ၅ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ပြခန်းများ၊ ဆိုင်ခန်းများနှင့် ရှာဖွေ ကယ်ဆယ်ရေး ရေယာဉ်တို့အား လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များအား ကမ်းခြေစောင့်တပ်ဖွဲ့ ဌာနချုပ်ရုံး အစည်းအဝေးခန်းမတွင် ညွှန်ကြား ရေးမှူးချုပ်က  ကမ်းခြေစောင့်တပ်ဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ကမ်းခြေ စောင့်တပ်ဖွဲ့၏   စွမ်းရည်များ၊ ရည်မှန်းချက်တာဝန်များအပေါ် လိုက်ပါ    အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို  ရှင်းလင်းတင်ပြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) က နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်ရန် ရည် ရွယ်ချက်ကြီးမားစွာကမ်းခြေစောင့်တပ်ဖွဲ့ကို   ဖွဲ့စည်းတည်ထောင် ပေးခဲ့ခြင်းဖြစ်သည့်အတွက် ယခုထက်ပိုမိုတိုးတက်အောင်မြင်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာများကို တပ်ဖွဲ့ဝင်များနားလည်သိရှိစေရန်လိုကြောင်း၊ တပ်ဖွဲ့ဝင်များ၏စွမ်းရည်မြင့်မားစေရေးအတွက်လည်း သင်တန်းများ ရွေးချယ်စေလွှတ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ တပ်ဖွဲ့များ၏လုပ်ငန်းတာဝန်များသည် မတူကွဲပြားသည့်အတွက်တပ်ဖွဲ့များအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။ 

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်ဝင်းအတွင်း မိသားစုများ သက်သာချောင်ချိရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။(၁၀၀)