မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီးတွင် ဘယ်ဘက်ပခုံးအဆစ်မှ လုံးဝပြတ်တောက်သွားသောလက်အား ခွဲစိတ်ကုသ၍အောင်မြင်စွာ ပြန်လည်တွဲဆက်ပေးနိုင်ခဲ့ နေပြည်တော် အောက်တိုဘာ ၆

Tuesday, October 6, 2026 - 06:15

 

မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီးတွင် ဘယ်ဘက်ပခုံးအဆစ်မှ လုံးဝပြတ်တောက်သွားသောလက်အား ခွဲစိတ်ကုသ၍အောင်မြင်စွာ ပြန်လည်တွဲဆက်ပေးနိုင်ခဲ့

 

နေပြည်တော် အောက်တိုဘာ ၆

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီးတွင် မော်တော်ဆိုင်ကယ်မတော်တဆထိခိုက်မှုကြောင့် ဘယ်ဘက်လက်ပခုံးအဆစ်မှ လုံးဝပြတ်တောက်သွားခဲ့သည့် အသက် ၉ နှစ်အရွယ်ကလေးငယ်တစ်ဦးအား ခွဲစိတ်ကုသ၍ ပြန်လည်တွယ်ဆက်ခြင်း (Replantation Surgery)ကို စက်တင်ဘာလ ၃ ရက်တွင် အောင်မြင်စွာခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။                                                   

အဆိုပါကလေးငယ်သည် စက်တင်ဘာလ ၃ ရက်တွင် ဟုမ္မလင်းမြို့၌ ထိခိုက်ဒဏ်ရာရရှိ၍ ဘယ်ဘက်လက်ပခုံးမှ ပြတ်တောက်သွားခဲ့ပြီး လူနာနှင့်အတူ ပြတ်တောက်သွားခဲ့သော ဘယ်ဘက်လက်အား စနစ်တကျထိန်းသိမ်း၍ ဒဏ်ရာရရှိပြီး ၆ နာရီ အတွင်း တပ်မတော်လေယာဉ် ဖြင့် မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီးသို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း၊  ပြတ်တောက်သွားသော ဘယ်ဘက်လက်အားပြန်လည်တွဲဆက်ကုသနိုင်ရန်အတွက် ကနဦးစမ်းသပ်စစ်ဆေးမှုများအား ပြုလုပ်ပေးခဲ့ပြီး ပထမအဆင့် ခွဲစိတ်ကုသမှုဖြစ်သော ပြန်လည် တွဲဆက်ကုသခြင်း(Replan-tation Surgery)ကို ဒဏ်ရာရရှိသည့်နေ့တွင်ပင် ၆ နာရီကြာခွဲစိတ်ကုသ မှုကို အောင်မြင်စွာဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သိရသည်။ 

ဆက်လက်၍ စက်တင်ဘာလ ၃၀ ရက်တွင်  လိုအပ်သော သွေးကြော၊ အာရုံကြောနှင့်အရိုးပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးကုသမှုများအား ထပ်မံပြုလုပ်ခဲ့ပြီး ဒုတိယအဆင့် ခွဲစိတ်ကုသမှုများဖြစ်သော လက်သို့ထောက်ပံ့သော အာရုံကြောများခွဲစိတ်ကုသခြင်း(Brachial Plexus Surgery)၊ ပြတ်တောက်သွားသော အာရုံကြောများကို အစားထိုးတွယ်ဆက်ခြင်း(Nerve Graft Surgery)၊ အရွတ်ကြောများ ပြန်လည်တွယ်ဆက်ခြင်း(Internal Splintage)နှင့် အရေပြားအစားထိုးခြင်း(Split Skin Graft)တို့ကို  ထပ်မံ၍ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ခွဲစိတ်ကုသချိန် ၆ နာရီကျော်ကြာမြင့် ခဲ့ကြောင်းသိရှိရသည်။ 

လက်ရှိတွင် လူနာကလေးငယ်၏ ခွဲစိတ်ကုသမှုခံယူပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး တွဲဆက်ထားသောလက်၏ သွေးလည်ပတ်မှု၊  အာရုံကြောတွယ်ဆက်ထားမှုနှင့် လက်၏လှုပ်ရှားနိုင်မှုတို့အား ဆက်လက်ကြည့်ရှုကုသမှုများ  လုပ်ဆောင်ပေးနေပြီး ပြန်လည်သန်စွမ်းရေးလေ့ကျင့် ခန်းများကိုလည်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါပြတ်တောက်သွားသော လက်အားပြန်လည်တွဲဆက်ခြင်းခွဲစိတ်ကုသမှုများကို တပ်မတော်အရိုးရောဂါအထူးကု ဆေးရုံကြီးမှ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုပါရဂူ၊ သွေးကြောပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုပါရဂူ၊ မေ့ဆေးပါရဂူ၊ ကလေးကုသမှုပါရဂူနှင့်ဓာတ်မှန်ပါရဂူများပါဝင်သောကျွမ်းကျင်သူများနှင့် သူနာပြုများ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး၌ ၂၀၂၂ ခုနှစ်မှ စတင်၍  လက်မပြတ်တောက်မှု၊ လက်ကောက်ဝတ်မှ ပြတ်တောက်မှု၊ လက်ခလယ် ပြတ်တောက်မှုစသည့် အထူးလက်ပိုင်းဆိုင်ရာခွဲစိတ်ကုသ မှု ၆ မျိုးကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ ပခုံးဆစ်မှလုံးဝပြတ်တောက်သွားသောလက် တစ်ဖက်ကိုထပ်မံ၍အောင်မြင်စွာခွဲစိတ်၍ ပြန်လည်တွဲဆက်ကုသနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ပခုံးဆစ်မှ လုံးဝပြတ်တောက်ခြင်းဖြစ်စဉ်မှာဖြစ်ပွားမှုနည်းပါးပြီး ယခုကဲ့သို့ ပြင်းထန်သော ဘယ်ဘက်ပခုံးအဆစ်မှ လက်ပြတ်တောက်သွားခြင်း(Forequarter Amputation)ကို အောင်မြင်စွာ ခွဲစိတ်၍ ပြန်လည်တွဲဆက်ပေးနိုင်ခြင်း(Replantation Surgery)သည် ကာယကံရှင် ကလေးငယ်နှင့်မိသားစုတို့၏ ဘဝမျှော်လင့်ချက်များ ပြန်လည်ပေးအပ်နိုင်သကဲ့သို့ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အတွက်လည်း ဂုဏ်ယူဖွယ်ရာသမိုင်း မှတ်တိုင်သစ်တစ်ခုကို အောင်မြင်စွာ စိုက်ထူနိုင်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ (၁၀၀)