၂၀၂၆ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော် အောက်တိုဘာ ၆

Tuesday, October 6, 2026 - 06:00

၂၀၂၆ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၆

 

တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများကို မျိုးဆက်သစ်လူငယ်အားကစားသမားကောင်းများစဉ်ဆက်မပြတ်ပေါ်ထွန်းလာစေရန်နှင့်     လက်ရွေးစင်အားကစားသမားများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများအဖြစ် တက်လှမ်းနိုင်စေရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင်  သက်ဆိုင်ရာ အားကစားနည်းများအလိုက်  သတ်မှတ်ထားသော   အားကစားကွင်းများနှင့် အားကစားရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။ 

၂၀၂၆ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ)ပြေးခုန်ပစ်ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် ဇေယျာသီရိတပ်မတော်အားကစားကွင်း၌    အမျိုးသား/အမျိုးသမီး မီတာ- ၃၀၀၀ တားဆီးကျော်ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသားတုတ်ထောက်ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ-၁၀၀ (၄)ယောက်လက်ဆင့်ကမ်းပြေးပြိုင်ပွဲ လူရွေးပွဲ၊ အမျိုးသမီး(၇)မျိုးစုံ(၅)အလျားခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသမီး(၇)မျိုးစုံ(၇)မီတာ-၈၀၀ အပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ-၁၀၀ အပြေးပြိုင်ပွဲ ဗိုလ်လုပွဲများကို လည်းကောင်း၊ ဇေယျာသီရိ အမှတ်(၁) လေ့ကျင့်ရေးကွင်း၌ အမျိုးသား/အမျိုးသမီး ကြိုးတပ် သံလုံးပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသမီး (၇)မျိုးစုံ(၆)လှံတံပစ်ပြိုင်ပွဲဗိုလ်လုပွဲကို လည်းကောင်း အသီးသီးယှဉ်ပြိုင်ကြသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ)ဂျူဒိုပြိုင်ပွဲကို ဇေယျာသီရိတပ်မတော် အားကစားရုံ(A)၌ အမျိုးသား/ အမျိုးသမီး ကီလိုတန်းအလိုက် အတိုက်ပြိုင်ပွဲများအသီးသီးယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲများတွင်ဆုရရှိခဲ့သည့် အားကစားသမားများကို တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။ 

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိတပ်မတော်အားကစားရုံ(B)၌ အမျိုး သား /အမျိုးသမီးကွာတားအဆင့်ပတ်လည်ပြိုင်ပွဲများကိုလည်းကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒိုင်း၊ (၃၃)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်း ပြိုင်ပွဲကို ဇေယျာသီရိ တပ်မတော်အားကစားရုံ(C)၌ အမျိုးသားဗန်တိုအတိုက်(က)တန်း၊ အမျိုးသား ဗန်တိုအတိုက်(ခ)တန်း၊ အမျိုးသား ပန်ကြပ်ဆီလပ်အတိုက်(က)တန်း၊ အမျိုးသား ပန်ကြပ်ဆီလပ်အတိုက်(ခ)တန်း၊ အမျိုးသမီးပန်ကြပ်ဆီလပ်အတိုက်ပြိုင်ပွဲ၊ အမျိုးသားဓား နှစ်လက် အတိုက်(ခ)တန်း၊ အမျိုးသား ဓားတစ်လက် အတိုက်(က)တန်း၊ အမျိုးသား ဓားတစ်လက်အတိုက်(ခ)တန်း၊ အမျိုးသမီးဓားတစ်လက်အတိုက်ပြိုင်ပွဲများကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်ကြသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊လေ)ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ စံပယ်အားကစားရုံ၌ အသက်(၂၅) နှစ်အောက် (၃)ယောက်တွဲ အဖွဲ့လိုက် အုပ်စုပွဲစဉ်များ၊ ရှုံးထွက်ပွဲစဉ်များ၊ အကြိုဗိုလ်လုပွဲ၊ တတိယလုပွဲနှင့်  ဗိုလ်လုပွဲ ပွဲစဉ်များကို လည်းကောင်း၊ (၅၆)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်းလက်ဝှေ့ပြိုင်ပွဲကို   နေပြည်တော်ရှိ  စစ်ကြောရေးနှင့်တည်းခိုရေး စခန်း၊ တပ်နယ်အားကစားခန်းမ၌ ကီလိုတန်းအလိုက် အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို အသီးသီးယှဉ်ပြိုင် ကစားကြသည်။

ထို့အတူ ၂၀၂၆ ခုနှစ်၊ (၆၃)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား  အလွတ်တန်းအဆင့် ဘောလုံးပြိုင်ပွဲကို ညနေပိုင်းတွင် ဒုတိယအဆင့် အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ဇေယျာသီရိတပ်မတော်အားကစားကွင်း၌  ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြုအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံး ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံး  ကိုယ်စားပြုအသင်းက ကာကွယ် ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြုအသင်းအား(၂)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ ဇေယျာသီရိ အမှတ်(၁)လေ့ကျင့်ရေးကွင်း၌ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းနှင့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့  ယှဉ်ပြိုင်ကစားကြရာ  ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်   ကိုယ်စားပြုအသင်းကို (၁) ဂိုး၊   ဂိုးမရှိ ဖြင့်လည်း ကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။

အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ  တက်ရောက်ကြည့်ရှု  အားပေးခဲ့ကြကြောင်းသတင်းရရှိသည်။ (၁၀၀)