လားရှိုးမြို့၊ နယ်မြေ(၄)သီရိမဟာရပ်ကွက်၊ ဗျူဟာလမ်းရှိ အဆောင်တစ်ခု၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်နေသူများအား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိ
နေပြည်တော် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ နယ်မြေ(၄) သီရိမဟာရပ်ကွက်၊ ဗျူဟာလမ်းရှိ ဝင်းချယ်ရီအဆောင်၌ အွန်လိုင်းလိမ်လည်လောင်းကစားခြင်းများလုပ်ကိုင်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် သွား ရောက်ရှာဖွေစစ်ဆေးရာ အဆိုပါအဆောင်ရှိ အခန်းတစ်ခန်းအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေသူ အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦးကို အွန်လိုင်းလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့မွန်းလွဲ ၃ နာရီ ၅ မိနစ်ခန့်တွင် အွန်လိုင်းလိမ်လည်လောင်းကစားခြင်းနှင့် ပတ်သက်သည့် သတင်းများအရ လားရှိုးမြို့၊ ဗျူဟာလမ်းရှိ ဝင်းချယ်ရီအဆောင်အတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးရာ အဆောင်ရှိ အခန်းအမှတ်(၂၁၄)အတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေသူ လားရှိုးမြို့နေ မင်ဟွေးဆင် (ဘ) ဦးငွားဝူ၊ မဝှေဖူး(ဘ) ဦးငွားဝူ၊ ကောင်းဝင်းကြည်(ခ) အန်းဝယ် (ဘ) ဦးကောင်းကျင်နှင့် ထန်အင်ရှီ(ခ) အဖျင်း (ဘ) ဦးဖာဝမ်းတို့ ၄ ဦးကို အွန်လိုင်းလောင်းကစားလုပ်ကိုင်ရာတွင်အသုံးပြုသည့် Laptop ၄ လုံး၊ All in One ကွန်ပျူတာ ၁ လုံး၊ ဖုန်းမျိုးစုံ ၇ လုံး၊ Wifi စက် ၂ လုံး၊ ငွေကျပ် ၄၇၅၀၀၀ ကျပ်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား လားရှိုး မြို့မရဲစခန်း၌ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃ (က) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများအခြေချလုပ်ကိုင်နိုင်ခြင်းမရှိစေရေးနှင့်အပြီးတိုင် ပပျောက်စေရေးတို့အတွက် အမြစ်ပြတ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ်အထူးအလေးထား၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ (၁၀၀)



