တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ
နေပြည်တော် အောက်တိုဘာ ၆
မြန်မာ့သမိုင်းစဉ် ကာလတစ်လျှောက်တွင် အစဉ်အလာကြီးမားခဲ့သည့် ရှေးခေတ်မြန်မာ့တပ်မတော်၏ ဆောင်ရွက်ချက်နှင့် အထွေထွေဗဟုသုတများကို လေ့လာနိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါသင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲလေ့လာနိုင်စေရန်၊ ကျောင်းပြင်ပဗဟုသုတများရရှိစေရန်နှင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ကျည်တောင်ကန်)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ လာရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်းရုပ်ရှင်ကို စိတ်ပါဝင်စားစွာ ကြည့်ရှုကြသည်။ ထို့နောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား၊ ကျောင်းသူ များနှင့် ဆရာ၊ ဆရာမများအား မုန့်များပေးဝေကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်း သူများနှင့် ဆရာ၊ ဆရာမများအား ပြတိုက်တာဝန်ရှိသူက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ပြတိုက်အတွင်းရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းများအလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ပြင်ပပြကွက်များတွင် ခင်းကျင်းပြသထားသည့်တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့် တပ်မတော်လေယာဉ်များကိုလေ့လာခဲ့ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။
ထိုကဲ့သို့ လေ့လာရေးလာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
“ကျောင်းမှာဆိုရင် ကျွန်မတို့ သမိုင်းသင်ခန်းစာမှာ သင်ကြားရတဲ့ အချက်အလက်တွေက စာတွေ့ပေါ့နော်။ အဲ့ဒီစာတွေ့အပြင်ကို အခုလိုမျိုး နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ လေ့လာခွင့်ရခဲ့တာကတော့ သင်ကြားရေးလည်း ပိုပြီးတော့ ထိရောက်အောင်မြင်လို့ အစဉ်အလာကောင်းတဲ့ မြန်မာ့တပ်မတော်ရဲ့ သမိုင်းကြောင်းတွေကို လေ့လာခွင့်ရရှိတဲ့အတွက် အရမ်းကို ဂုဏ်ယူဝမ်းသာမိပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဒီလိုမျိုး လေ့လာရေးခရီးတွေကို လေ့လာခွင့်တွေ အများကြီးရချင်ပါသေးတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်”ဟုပြောသည်။
“လေ့လာရေး ခရီးသွားမယ်ဆိုကတည်းက ကျွန်တော်တို့ ကျောင်းသားတွေအားလုံး စိတ်လှုပ်ရှားရတယ်။ နိုင်ငံတော်ကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ကျောင်းသားတွေကို ဒီလိုဗဟုသုတတွေ အများကြီးရရှိတယ်။ ကိုယ်မသိသေးတဲ့ အကြောင်းတွေနဲ့လည်းသိခွင့်ရရှိတယ်။ ကျောင်းမှာကျတော့ သမိုင်းကိုစာတွေ့ပဲ သင်ရတာ။ ဒီမှာကျတော့ လက်တွေ့ လူကြီးတွေကရှင်းပြတယ်။ ရှင်းပြတဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့က လိုက်မှတ်တယ်။ အဲ့ဒီတော့ ဗဟုသုတတွေအများကြီး ရရှိပါတယ်”ဟုပြောသည်။ “အခုလို စစ်သမိုင်းပြတိုက်ကို လာရောက်လေ့လာခွင့်ရရှိတဲ့အတွက် မသိခဲ့တဲ့ ဟာတွေလည်း သိရတယ်။ မမြင်ဖူးတဲ့ဟာတွေလည်း မြင်ရတယ်။ ပြီးတော့ စာတွေ့မဟုတ်ဘဲနဲ့ လက်တွေ့နဲ့ အများကြီး လေ့လာရတာပေါ့။ တွေ့ရတဲ့နေရာကတော့ အများကြီး ရှိပေမယ့် သဘောကျတာကဆိုလို့ရှိရင် လေယာဉ်ပြခန်းတွေရယ်၊ ပြီးတော့ ရှေးခေတ်ကနေ ခေတ်အဆက်ဆက် လက်နက်ပစ္စည်းတွေကိရိယာတွေ လေ့လာခွင့်ရှိခဲ့ပါတယ်။ စစ်သမိုင်းပြတိုက်ကို လာရောက်လေ့လာခွင့်ရရှိတဲ့အတွက် တာဝန်ရှိသူတွေ၊ ဆရာ၊ ဆရာမတွေရော ရှင်းပြတဲ့သူတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။




