တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက် လေ့လာ
နေပြည်တော် အောက်တိုဘာ ၅
အနာဂတ်ကာလများတွင် နိုင်ငံတော်ကို ဦးဆောင်ကြမည့် မျိုးဆက်သစ်လူငယ်လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို လေ့လာသိရှိထားခြင်းအားဖြင့် လူငယ်လူရွယ်များ၏ အနာဂတ် ဘဝ လျှောက်လှမ်းမှုကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်ပေးမှုတို့ဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ရွာတော်)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ထို့နောက် ပြတိုက် တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများအား မုန့်များပေးဝေ ကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ပြတိုက်တာဝန်ရှိသူက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ များသည် ပြတိုက်အတွင်းရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းများအလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ပြင်ပပြကွက်များတွင် ခင်းကျင်းပြသ ထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့် တပ်မတော် လေယာဉ်များကို လေ့လာခဲ့ကြပြီး အမှတ်တရဓာတ်ပုံများရိုက်ကူးကြသည်။
လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံ များကိုလည်း အခုလိုပဲ ကြားသိခဲ့ရပါတယ် -
“ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေ စာတွေ့၊ လက်တွေ့ ပြီးတော့ ဒီခမ်းနားထည်ဝါတဲ့ မြန်မာ့ တပ်မတော်ရဲ့ နောက်ခံသမိုင်းကြောင်းလေးကို ပြသချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ကျောင်းမှာတော့ ကျွန်မတို့က စာတွေ့ကို လေ့လာရပါတယ်။ အခု ကျောင်းပြင်ပကို လာလေ့လာရတဲ့အတွက် စီစဉ်ပေးတဲ့ တာဝန်ရှိလူကြီးမင်းများကို လည်း ကျေးဇူးအထူးတင်ပါတယ်။ ကလေးတွေအတွက် ဒေသန္တရဗဟုသုတလည်းရရှိသလို သူတို့အတွက် ခမ်းနား ထည်ဝါတဲ့ မြန်မာ့တပ်မတော်ရဲ့သမိုင်းကြောင်းကို သေသေချာချာမျက်မြင်ကိုယ်တွေ့ တွေ့လည်းတွေ့ရတယ်။ ဒီက တာဝန်ရှိပုဂ္ဂိုလ်တွေကလည်း ရှင်းပြတာဖြစ်တဲ့အတွက် သူတို့အတွက် အများကြီးအထောက်အကူပြုပါတယ်။ သူတို့ရဲ့ သင်ကြားရေးနဲ့ ပတ်သက်ပြီးတော့လည်း အများကြီးအထောက်အကူပြုပါတယ်။ လေတပ်၊ ရေတပ်၊ ကြည်းတပ်ရဲ့ Outdoor အပိုင်းတွေ အကုန်လေ့လာပြီးပါပြီ။ အခု Indoor အပိုင်းကိုလည်း ဆက်သွယ်ရေးစက် အစရှိတာတွေကအစ အကုန်လုံးပေါ့ ကြည်းတပ်ရော၊ ရေတပ်ရော၊ လေတပ်ရော လက်တွေ့ထဲထဲဝင်ဝင်လေ့လာပြီးပါပြီ။ ပြီးတော့ တာဝန် ရှိလူကြီးမင်းတွေကရှင်းပြတာတွေကိုလည်း ကလေးတွေ သေချာနားထောင်ပြီးတော့ သေချာလည်း မှတ်သားပါတယ်။ မြန်မာ့တပ်မတော်သမိုင်းကြောင်းနဲ့ ပတ်သက်တဲ့ရုပ်ရှင်တွေကိုလည်း ကျွန်မတို့ကြည့်ပြီးပါပြီ။ ကလေးတွေဟာ စာတွေ့ ထက် လက်တွေ့မှာ ပိုပြီးတော့မှ စိတ်ပါဝင်စားမှုရှိတာကိုလည်း တွေ့ရပါတယ်။ အဲ့ဒီတော့ စာထဲမှာပဲအမြဲတမ်း ငြီးငွေ့ နေတာထက်စာလို့ရှိရင် အခုလို လေ့လာရေးခရီးမျိုးတွေကို များများစီစဉ်ပေးတဲ့အတွက် သူတို့အတွက် စာသင်ခန်းထဲမှာ မွန်းကျပ်ပြီး ပိတ်လှောင်တဲ့ခံစားမှုထက် အပြင်လောကရဲ့ လွတ်လပ်တဲ့ခံစားမှုတွေ၊ ပြီးတော့ စည်းစည်းလုံးလုံးနဲ့ ခရီးထွက်ရတဲ့ ခံစားမှုလေးတွေ၊ ပြီးလို့ရှိရင် လက်တွေ့ကိုယ်တိုင်ကိုယ်ကျလေ့လာရတဲ့ သမိုင်းကြောင်းတွေအကုန်လုံးကို အခုလိုမျိုးသွားလာပြီးတော့မှ လှုပ်ရှားပြီး ကိုယ်တိုင်လေ့လာခွင့်ရတဲ့အတွက် ပိုပြီးတော့ အထောက်အကူပြုပါတယ်။ ဒါကြောင့် များများစီစဉ်ပေးစေချင်ပါတယ်။ ကျွန်မတို့ရဲ့သင်ကြားရေးပိုင်းဆိုင်ရာမှာဆိုရင် မြန်မာစာမှာဆိုလည်း စာစီစာကုံးရေးတာတွေကအစ အချက်အလက်တွေအကုန် မှတ်သားပြီးတော့မှ ပင်လုံစာချုပ် ဖြစ်ပေါ်ခဲ့ပုံတွေရော၊ ပြည်ထောင်စုနေ့အတွက်တွေရော၊ လွတ်လပ်ရေးနေ့အတွက်တွေရော ကျွန်မတို့ရဲ့ မြန်မာ့တပ်မတော်သည် သက်ရှိ စည်းရိုးတွေကအများကြီး ကျွန်မတို့ရဲ့ သင်ခန်းစာထဲမှာ အများကြီးပါပါတယ်။ သူတို့နဲ့သက်ဆိုင်တဲ့ ကိစ္စတွေ ရေးသား တဲ့ကိစ္စအပိုင်းတွေရော မြန်မာတွေရဲ့မျိုးချစ်စိတ်အထိပါ ကျွန်မတို့ကသွားပါတယ်။ ကျွန်မတို့ အခုသင်ကြားနေတဲ့ 5C နဲ့ ဆက်စပ်ပြီးတော့လည်း လေ့လာရေးတွေလာတဲ့အတွက် အများကြီးအထောက်အကူဖြစ် ပါတယ်” ဟုပြောသည်။
“ကျွန်တော်တို့ ဒီနေ့မှာဆိုလို့ရှိရင်တော့ နေပြည်တော်မှာရှိတဲ့ တပ်မတော် စစ်သမိုင်းပြတိုက်ကို လာရောက်ပြီး တော့မှ ပြင်ပခရီးအနေနဲ့ လာရောက်လေ့လာခဲ့ကြတာဖြစ်ပါတယ်။ တပ်မတော်စစ်သမိုင်းပြတိုက်မှာဆိုလို့ရှိရင်တော့ အတွင်းပြကွက် အပြင်ပြကွက်တွေအားလုံးပေါင်းပြီးတော့မှ ကြည်း၊ ရေ၊ လေ ပြကွက်များကို အဓိကအနေနဲ့ သုံးခု ပိုင်းခြားထားပါတယ်။ ကျွန်တော်တို့ပြကွက်တွေထဲမှာဆိုလို့ရှိရင်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တပ်မတော်အစဉ် အဆက် ဖြစ်ပေါ်လာပုံတွေ၊ ထင်ရှားတဲ့တိုက်ပွဲတွေ၊ တိုက်ပွဲတွေမှာအသုံးပြုခဲ့တဲ့ လက်နက်တွေနဲ့ ကျွန်တော်တို့တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့လူတွေရဲ့အကြောင်းတွေကို နှံ့နှံ့စပ်စပ်ရှင်းလင်းပြသထားပါတယ်။ တပ်မတော်ရဲ့သမိုင်းကြောင်းတွေ အားလုံးကို ကျွန်တော်တို့ မသိနားမလည်တဲ့အရာတွေအားလုံးကိုလည်း ကျွန်တော်တို့မေးမြန်းပြီးတော့ တိတိကျကျ စုံလင်စွာသိရှိခဲ့ရပါတယ်။ ကျွန်တော်တို့ အခုလိုမျိုးပြင်ပခရီးစဉ်တွေကို ကျောင်းစာတွေကနေ လွတ်ပြီးတော့မှလေ့လာတဲ့ အခါမှာ ကျွန်တော်တို့စိတ်လည်း ရွှင်လန်းတယ်။ ကျွန်တော်တို့ရဲ့ တင်းကျပ်နေတဲ့စိတ်တွေလည်း လျော့တဲ့အပြင် ကျွန်တော်တို့ကျောင်းစာဘက်ကနေ တစ်ဖက်တစ်လမ်းအနေနဲ့ ကျွန်တော်တို့သမိုင်းကြောင်းတွေ သိရှိရတယ်။ ကျွန်တော်တို့ လက်တွေ့ဘဝမှာလည်း ပြန်လည်အသုံးပြုနိုင်မယ်၊ အသိပညာတွေလည်းရရှိစေပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေဆိုတာက နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေပြီးတော့မှ အထောက် အကူပြုရမယ့် လူတွေ ဖြစ်တဲ့အတွက် ကျောင်းစာမှာတော်နေရုံတင်မကဘဲနဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံအပေါ်မှာ မျိုးချစ်စိတ်တွေ၊ ကျွန်တော်တို့ နိုင်ငံရဲ့သမိုင်းကြောင်းကို သိရှိရမယ့်စိတ်တွေလည်း ရှိသင့်တယ်။ ပြီးတော့ ဒါ့အပြင် ကျွန်တော်တို့မြန်မာနိုင်ငံကြီး အတွက် ပိုမိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ကျွန်တော်တို့ကျောင်းသားတွေဆိုတာ တစ်ချိန်ချိန်မှာ တစ်ထောင့် တစ်နေရာကပါဝင်ပြီးတော့ ဆောင်ရွက်မယ့် လူတွေဖြစ်တဲ့အတွက် အသိပညာတွေကိုလည်းရရှိပါတယ်။ ဒါပြီးတော့ ကျွန်တော်တို့နိုင်ငံအတွက် ကျွန်တော်တို့က ကြိုးစားရမယ်။ ကျွန်တော်တို့ပါဝင်ပြီးတော့မှ တာဝန်တွေကို ထမ်းရွက် ရမယ်ဆိုတဲ့ အသိစိတ်ဓာတ်တွေကိုလည်း ပေါက်ဖွားစေတဲ့အတွက် အခုလိုမျိုးခရီးစဉ်စီစဉ်ပေးတဲ့အတွက် တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ ပြီးတော့ ဒီမှာရှင်းလင်းပြောပြပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ အားလုံးကိုလည်း ကျေးဇူးတင်မိပါတယ်။ ဒါ့အပြင် ဒီလိုမျိုးခရီးစဉ်တွေပို့ပေးခြင်းဟာ ကျွန်တော်တို့ ကျောင်းသားတွေအတွက် အသိပညာတွေရော စိတ်လက် ပေါ့ပါးမှုတွေ ပါရရှိစေတဲ့အတွက် ဆက်လက်ပို့ဆောင်ပေးဖို့ကိုလည်း အကြံပြုချင်ပါတယ်ခင်ဗျာ” ဟုပြောသည်။


