တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားသည့်နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက်ဆောင်ရွက်
နေပြည်တော် အောက်တိုဘာ ၅
မြန်မာနိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင် ဘာလ ၂၆ ရက် ညနေပိုင်းမှစ၍ မိုးသည်းထန်စွာအဆက် မပြတ်ရွာသွန်းမှုဖြစ်ပေါ်၍ မြို့နယ်အချို့တွင် မြစ်ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့်အပြင် ထားဝယ်- လောင်းလုံး - ကျောက်နီမော် - ရှင်မော်လမ်းမကြီးပေါ်ရှိ နေရာအချို့တွင် ရေကျော်ခြင်းများ၊ လမ်းပေါ်တွင်မြေပြိုကျ၍ လမ်းပိတ်ခြင်းများ၊ လမ်းပေါ်ရှိ တံတားများတွင် အမှိုက်များပိတ်ဆို့ခြင်းများ ဖြစ်ပွားခဲ့သည်။
အဆိုပါထားဝယ်-လောင်းလုံး-ကျောက်နီမော်-ရှင်မော်လမ်းမကြီးပေါ်ရှိ ပြိုကျနေသောမြေကြီးများအား ဖယ်ရှားရှင်းလင်းရန်နှင့် လမ်းတစ်လျှောက်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ရန်အတွက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများပါဝင်သော ကူညီကယ်ဆယ်ရေးအဖွဲ့သည် သဘာဝဘေးဒဏ်ထိခိုက်မှုများပြားခဲ့သည့် ကဒက်ငယ်ထိန်ကျေးရွာ၌ သဘာဝဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကူညီကယ်ဆယ်ရေးအဖွဲ့သည် လောင်းလုံးမြို့ ပတ်ဝန်းကျင်ဒေသရှိ သဗျာ၊ ပညှင်း၊ ညှင်းမှော်၊ ပြင်းထိန်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ခြင်းနှင့် နေအိမ်များအတွင်း ဝင်ရောက်နေသော ရွှံ့မြေများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ နေအိမ်နှင့်လမ်းများပေါ်ရှိ ပြိုကျနေသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ကဒက်ငယ်ထိန်ကျေးရွာလမ်းမပေါ်ရှိ လမ်းပေါ်ပြိုကျနေသော မြေကြီးများအား စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းပေးခြင်း၊ လမ်းများအား မြေညှိပြုပြင်ပေးခြင်း၊ တံတားများတွင် ပိတ်နေသော အမှိုက်များအား ရှင်းလင်းပေးခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက်ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျောက်နီမော်ကျေးရွာတွင် ယန္တရားများဖြင့် ကျေးရွာအတွင်းနှင့် လမ်းပေါ်ရှိ မြေကြီးများအား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အတူ တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်နှင့် စာသင်ကျောင်းတို့၌လည်း နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ မြစ်ရေပြန်လည်ကျဆင်းသွားပြီးနောက် တင်ကျန်ခဲ့သည့်နုန်းမြေနှင့် အမှိုက်များ ဖယ်ရှားရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ ကူညီကယ်ဆယ်ရေးနှင့် ရေဝင်ရောက်မှုတားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

