တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက် လေ့လာ
နေပြည်တော် အောက်တိုဘာ ၄
သမိုင်းစဉ်ကာလတစ်လျှောက်တွင် နိုင်ငံ့ဂုဏ်တင့်စေရန် အားထုတ်ကြိုးပမ်းမြှင့်တင်ပေးခဲ့ကြသည့် ရှေးမြန်မာမင်းများ၊ ခေတ်အဆက်ဆက်ပေါ်ထွက်ခဲ့ကြသည့် သူရဲကောင်းများ၊ သူ့ကျွန်မခံတွန်းလှန်ခဲ့ကြသည့် မျိုးချစ်ခေါင်းဆောင် ကြီးများ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့်လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် နိုင်ငံ့အရေးအတွက် စွန့်လွှတ်ပေးဆပ်မှု များဖြင့် အားထုတ်ကြိုးပမ်းခဲ့ကြသည့် တပ်မတော်သားများ၏ ဂုဏ်ယူဖွယ်ရာ စွမ်းဆောင်ချက်များအား မြင်တွေ့ လေ့လာမှုများမှတစ်ဆင့် လူငယ်လူရွယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာပြီး နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ တိုးတက်ဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်ပေးမှု တို့ဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)(သပြေကုန်း)နှင့် ဇမ္ဗူသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အလက(၃) (သပြေကုန်း)တို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ထို့နောက် ပြတိုက် တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများအား မုန့်များပေးဝေ ကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ပြတိုက်တာဝန်ရှိသူက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ပြတိုက်အတွင်းရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းများအလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ပြင်ပပြကွက်များတွင် ခင်းကျင်းပြသ ထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့် တပ်မတော် လေယာဉ် များကို လေ့လာခဲ့ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။
လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း အခုလိုပဲ ကြားသိခဲ့ရပါတယ်-
“ကျွန်မတို့ ကျောင်းအနေနဲ့ ဒီစစ်သမိုင်းပြတိုက်ကို လေ့လာရေးခရီးထွက်လာတဲ့အခါမှာ ကျွန်မတို့သင်ခန်းစာတွေမှာ သူတို့သင်ယူလေ့လာခဲ့ရတဲ့ စာတွေ့ဘဝကနေပြီးတော့ လက်တွေ့ဘဝမှာ အသိပညာတိုးတက်မှုတွေ ရရှိခဲ့ပါတယ်။ ပြန်ရောက်တဲ့အခါမှာ ငါတို့တွေက ဒီဟာတွေကို တကယ်လည်း လက်တွေ့သိခဲ့ရတယ်။ စာတွေ့တွေနဲ့လည်း သင်ခဲ့ရတဲ့အတွက် စာတွေ့ရယ်၊ လက်တွေ့ရယ် နှစ်မျိုးပေါင်းပြီးတော့ အသိပညာဗဟုသုတတွေလည်း တိုးပွားခဲ့ရ ပါတယ်။ အခုလိုမျိုး ကျွန်မတို့ကျောင်းသား၊ ကျောင်းသူတွေကို လေ့လာခွင့်ရအောင် စီစဉ်ပေးကြတဲ့ တာဝန်ရှိလူကြီးမင်း တွေကိုလည်း ကျွန်မဒီနေရာကနေပြီးတော့ အထူးပဲကျေးဇူးတင်ရပါတယ်လို့ ပြောကြားပါရစေ”ဟု ပြောကြားသည်။
“သမီး အခုဒီနေ့လိုမျိုး ခရီးစဉ်တွေလည်ပတ်ရတဲ့အတောအတွင်းမှာ ဗဟုသုတတွေအများကြီးရခဲ့ပါတယ်။ အရင် တုန်းကဆိုလို့ရှိရင် ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေဆိုတာ ကြားပဲကြားဖူးတာ လေယာဉ်ဆိုတာလည်း ကြားဖူးရုံပဲရှိတာ။ ဒီမှာကျတော့ အကုန်လုံး အမျိုးစုံတွေ့မြင်နိုင်တာပေါ့။ မြန်မာနိုင်ငံ ဘယ်လိုလွတ်လပ်ရေးရအောင် လူကြီးတွေက ဘယ်လိုမျိုးလုပ်ပေးခဲ့တဲ့ သူတို့ရဲ့သမိုင်းကြောင်းတွေ အဲ့ဒါတွေကိုလည်း သမီးတို့ တကယ်မျက်မြင်တွေ့ခွင့် ရခဲ့ပါတယ်။ သမီးတို့လည်ပတ်ခွင့်ရတော့ ပြင်ပဗဟုသုတတွေလည်း တိုးတယ်။ ပိုပြီးတော့လည်း အမြင်ကျယ်တာပေါ့။ အဲ့လိုမျိုး ဗဟုသုတအများကြီးရအောင် စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ပြောကြားသည်။



