တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားသည့် နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက်ဆောင်ရွက်
နေပြည်တော် အောက်တိုဘာ ၄
မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ ၂၆ ရက်ညနေပိုင်းမှစ၍ မိုးသည်းထန်စွာအဆက်မပြတ် ရွာသွန်းမှုဖြစ်ပေါ်၍ မြို့နယ်အချို့ တွင် မြစ်ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့်အပြင် ထားဝယ်- လောင်းလုံး - ကျောက်နီမော် - ရှင်မော် လမ်းမကြီးပေါ်ရှိ နေရာအချို့တွင် ရေကျော်ခြင်းများ၊ လမ်းပေါ်တွင်မြေပြိုကျ၍ လမ်းပိတ်ခြင်းများ၊ လမ်းပေါ်ရှိ တံတားများတွင် အမှိုက်များပိတ်ဆိုခြင်းများဖြစ်ပွားခဲ့သည်။
အဆိုပါ ထားဝယ်-လောင်းလုံး-ကျောက်နီမော်-ရှင်မော်လမ်းမကြီးပေါ်ရှိ ပြိုကျနေသောမြေကြီးများအား ဖယ်ရှားရှင်းလင်းရန်နှင့် လမ်းတစ်လျောက်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ရန်အတွက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများပါဝင်သော ကူညီကယ်ဆယ်ရေးအဖွဲ့သည် လောင်းလုံးမြို့မှ ယနေ့နံနက်ပိုင်းတွင် စတင်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် သဘာဝဘေးဒဏ်ထိခိုက်မှုများပြားခဲ့သည့် ကဒက်ငယ်ထိန်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး သဘာဝဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ ကူညီကယ်ဆယ်ရေးအဖွဲ့သည် လောင်းလုံးမြို့ပေါ်ရှိ ရပ်ကွက်(၅)ခုအိမ်ထောင်စု(၃၁၀)စုတို့အား သောက်ရေသန့်ကားဖြင့် ရေသန့်များ ဖြန့်ဝေပေးခြင်း၊ လောင်းလုံးမြို့ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ခြင်းနှင့် လောင်းလုံး-ကဒက်ငယ်ထိန်ရွာလမ်းတစ်လျှောက်ရှိ လမ်းပေါ်ပြိုကျနေသော မြေကြီးများအား စက်ယန္တယားများဖြင့် ဖယ်ရှား ရှင်းလင်းပေးခြင်း၊ လမ်းများအား မြေညှိပြုပြင်ပေးခြင်း၊ တံတား များတွင်ပိတ်နေသော အမှိုတ်များရှင်းလင်း ပေးခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကူညီကယ်ဆယ်ရေးနှင့် ရေဝင်ရောက်မှုတားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

