နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား တပ်မတော်မှ စစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့၊ အမိမြန်မာနိုင်ငံရှိ တာဝန်ရှိသူများနှင့်မိသားစုဝင်များက နွေးထွေးလှိုက်လှဲစွာကြိုဆို
နေပြည်တော် အောက်တိုဘာ ၄
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မည်သို့သောအခြေအနေတွင်ဖြစ်စေ အခက်အခဲကြုံတွေ့လာပါက အမိနိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားကူညီစောင့်ရှောက်ပေးလျက်ရှိသည်။ ထို့ပြင် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဒုက္ခများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် လိုအပ်သည့်ကူညီဆောင်ရွက်မှုများကို သက်ဆိုင်ရာနိုင်ငံများနှင့် ချိတ်ဆက်၍ အစဉ်တစိုက် အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် တပ်မတော်နှင့်သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့်အခြားသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာစည်းကမ်းချက်များ ချိုးဖောက်ခဲ့သည့်အတွက် ပြစ်ဒဏ်များကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၊ စစ်ရေယာဉ်(ဆင်ဖြူရှင်) တို့ဖြင့် စက်တင်ဘာလ ၂၄ ရက်တွင် ရန်ကုန်မြို့မှထွက်ခွာ၍ သွားရောက်ခေါ်ဆောင်ခဲ့သည်။ အဆိုပါ စစ်ရေယာဉ်များသည် မလေးရှားနိုင်ငံ၊ လူမွတ်ဆိပ်ကမ်းသို့ စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင်ရောက်ရှိခဲ့ပြီး ထိန်းသိမ်းခံမြန်မာနိုင်ငံသားများအား မလေးရှားနိုင်ငံ တာဝန်ရှိသူများထံမှ စနစ်တကျလွှဲပြောင်းလက်ခံခဲ့ပြီးနောက် စက်တင်ဘာလ ၂၉ ရက် ညပိုင်းတွင် ပြန်လည်ခေါ်ဆောင်လာခဲ့ရာ ရန်ကုန်မြို့၊ အမှတ်(၃)ဆိပ်ခံတံတား(သီလဝါ)သို့ ယနေ့နံနက် ၇ နာရီ ၃၅ မိနစ်ခန့်တွင် ဆိုက်ကပ်ရောက်ရှိခဲ့ပြီး အမိမြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့သည်။
ထိုသို့ သွားရောက်ခေါ်ဆောင်ခဲ့စဉ်အတွင်း စစ်ရေယာဉ်မှတာဝန်ရှိသူများက အမိမြေမှ ပြည်ပနိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား နွေးထွေးစွာကြိုဆို လက်ခံကြပြီး စစ်ရေယာဉ်များပေါ်တွင် စနစ်တကျနေရာချထားပေးခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ နေ့စဉ်စားသောက်ဖွယ်ရာများ ချက်ပြုတ်ကျွေးမွေးခြင်း၊ စိတ်အပန်းဖြေစေရန် ကြိုက်နှစ်သက်ရာ Game များ ကစားကြခြင်းနှင့် ရုပ်ရှင်ဗွီဒီယိုဇာတ်ကားများ ပြသခြင်း၊ ကိုယ်လက်ကြံ့ခိုင်ရေး စုပေါင်းလေ့ကျင့်ခန်းများပြုလုပ်ကြခြင်း၊ လိုအပ်သည့် အဝတ်အထည်နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းတို့ကို စစ်ရေယာဉ်များ၌ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် အောက်တိုဘာလ ၁ ရက်၊ နံနက်ပိုင်းတွင် စစ်ရေယာဉ်များ အမိမြန်မာပြည် မြန်မာ့ရေပိုင်နက်သို့ စတင်ချဉ်းနင်းဝင်ရောက်ချိန်၌ မိခင်နိုင်ငံရေမြေနှင့် ကာလအတန် ကြာဝေးကွာနေခဲ့ရသော မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ မောင်ရင်းနှမ၊ မိရင်းဖသဖွယ် လှိုက်လှဲစွာကြိုဆိုကြောင်း သတင်းစကားပါးမှုအပေါ် ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီး၍ ပျော်ရွှင်မှုစိတ်ခံစားချက်များကိုတွေ့မြင်ရပြီး ပြန်လည်ခေါ်ဆောင်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်အကြီးအကဲ၏ ကြီးမားသော မေတ္တာတရားနှင့် စေတနာပြည့်ဝစွာဖြင့် အဖက်ဖက်က ကူညီဆောင်ရွက်ပေးခဲ့သော တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရှိရသည်။
ရန်ကုန်မြို့၊ အမှတ်(၃)ဆိပ်ခံတား(သီလဝါ)ဆိပ်ကမ်းသို့ရောက်ရှိချိန်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် မိသားစုဝင်များက ဝမ်းမြောက်ဝမ်းသာနွေးထွေးလှိုက်လှဲစွာကြိုဆိုခဲ့ကြပြီး နေ့လယ်စာ ကြက်ဆီထမင်း၊ မုန့်နှင့် စားသောက်ဖွယ်ရာများကို ကျွေးမွေးကာ ဒေသများအလိုက် အသင့်စောင့်ဆိုင်းနေသော မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်၍ ခေတ္တနားခိုရန် အသင့်စီစဉ်ထားသောစုရပ်နေရာများသို့ ပို့ဆောင်ပေးလျက်ရှိသည်။ ထို့ပြင် သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်လက်ခံရေးဆောင်ရွက်၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်များထံသို့ စနစ်တကျလွှဲပြောင်းပေးကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာဝန်ရှိသူများက တိုင်းဒေသကြီး/ပြည်နယ်များအလိုက် UID Card များဆောင်ရွက်ပေးလျက်ရှိသည်။ နေရပ်ဝေးကွာသူများအား ၎င်းတို့၏ မိဘဆွေမျိုးများ၊ မိသားစုများနှင့် အမြန်ဆုံးပြန်လည်တွေ့ဆုံနိုင်ရေးနှင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်၍ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် လိုအပ်သည်များ ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဒုက္ခများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၉၀၅ ဦးအား ၂၀၂၆ ခုနှစ်အတွင်း ဇန်နဝါရီလမှ စက်တင်ဘာလအထိ တပ်မတော်လေယာဉ်၊ စင်းလုံးငှားလေယာဉ်များဖြင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲမြို့၌ ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သား(၂၆)ဦးအား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့် လည်းကောင်း၊ မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများကြောင့် ပြစ်ဒဏ်များကျခံခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၀၈၆ ဦးအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်တွင် တပ်မတော်ရေယာဉ်များဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံသား၈၀၄၁ ဦးအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ လေယာဉ်များဖြင့်လည်းကောင်း အသီးသီးခေါ်ဆောင်ပေးခဲ့သည့်အပြင် ယခုအခါ မလေးရှားနိုင်ငံမှ ခေါ်ဆောင်ရန်ကျန်ရှိနေသေးသော မြန်မာနိုင်ငံသား(၁၄၇၆)ဦး ကိုလည်း လူသားချင်းစာနာထောက်ထားမှုအရ နှစ်နိုင်ငံအစိုးရအဖွဲ့များညှိနှိုင်းကာ ယခုကဲ့သို့ မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပြန်လည် ခေါ်ဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတကြီး၏ အမိအဖပမာ ကြီးမားသောမေတ္တာတရား၊ တပ်မတော်၏ မွန်မြတ်ခိုင်ကြည်သော လုံ့လအားထုတ်မှု၊ တာဝန်ရှိဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ပြည့်ဝသောစေတနာဖြင့် ပူးပေါင်းဆောင်ရွက်မှု၊ အမိမြန်မာနိုင်ငံနှင့် ဝေးကွာပြီး ဘေးဒုက္ခများခံစားနေရသော ပြည်ပရောက်မြန်မာနိုင်ငံသားများအတွက် အိမ်အပြန်ခရီးကို အောင်မြင်စွာဆောင်ကျဉ်းပေးနိုင်ခဲ့ပြီး မိသားစုများနှင့် အမြန်ဆုံးပြန်လည်ပေါင်းစည်း နိုင်တော့မည်ဖြစ်၍ ပြန်လည်ရောက်ရှိလာသူများအနေဖြင့် ကြည်နူးမှုပီတိမျက်ရည်များဖြင့် စိတ်အေးချမ်းသာရွှင်လန်းဝမ်းမြောက်လျက်ရှိကြကြောင်း သိရှိရပါသည်။
လက်ရှိအချိန်တွင် နိုင်ငံတော်အား အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံသားများအားလုံး ဘေးကင်းလုံခြုံစွာဖြင့် လုပ်ကိုင်နေထိုင်နိုင်ရေးတို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ စေတနာအမှန်ကို သိရှိနားလည်ကာ ပြည်တွင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် မိမိတို့တက်စွမ်းသမျှ ကြိုးပမ်းလုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားကို ယခုထက်ပိုမိုမြှင့်တင်နိုင်ပြီး ဂုဏ်သိက္ခာရှိ၍ လုံခြုံစိတ်ချရသည့်လူနေမှုဘဝများ ရရှိကြမည်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် လူကုန်ကူးပွဲစားများ၏ မက်လုံးပေးဆွဲဆောင်စည်းရုံးမှုများကို အယုံမလွယ်ကြရန်၊ နယ်စပ်ဒေသများမှတစ်ဆင့် ပြည်ပသို့တရားမဝင်ထွက်ခွာခြင်းများကို မပြုလုပ်ကြရန်၊ ပတ်ဝန်းကျင်စည်းရုံးမှုများကို အယုံကြည်လွယ်၍ လူကုန်ကူးခံရမှုမရှိစေရေး သတိပြုဆင်ခြင်နိုင်ကြရန် လိုအပ်မည်ဖြစ်ပြီး ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲတွေ့ကြုံလာပါက မြန်မာသံရုံးများနှင့် ကောင်စစ်ဝန်ချုပ်ရုံး များသို့ ဆက်သွယ်သတင်းပို့နိုင်ကြောင်းနှင့် အမိနိုင်ငံသို့ အေးချမ်းလုံခြုံစွာပြန်လည် ရောက်ရှိနိုင်ရေး သက်ဆိုင်ရာနိုင်ငံများမှ အစိုးရအဖွဲ့များနှင့်ပေါင်းစပ်ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။




















