၂၀၂၆ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ
နေပြည်တော် အောက်တိုဘာ ၄
တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရွေးစင်အားကစားသမားများမှတစ်ဆင့် မျိုးဆက်သစ်လူငယ် အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန်နှင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင် အားကစားသမားများအဖြစ် တက်လှမ်းနိုင်စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာ အားကစားနည်းများအလိုက်သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
၂၀၂၆ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊ လေ) အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ရေ၊လေ) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ အမျိုးသား/အမျိုးသမီး မာရသွန် အပြေးပြိုင်ပွဲဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီးမီတာ-၁၁၀ တန်းကျော်ပြေးပြိုင်ပွဲ လူရွေးပွဲ၊ အမျိုးသား သံလုံးပစ်ပြိုင်ပွဲဗိုလ်လုပွဲ၊ အမျိုးသမီး မီတာ-၁၀၀ တန်းကျော်ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသားသုံးဆင့် ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား မီတာ ၄၀၀ လေးယောက်တွဲ လက်ဆင့်ကမ်းပြေးပြိုင်ပွဲများကိုလည်းကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မ တော်(ကြည်း၊ရေ၊လေ) ဂျူဒိုပြိုင်ပွဲကို ဇေယျာသီရိတပ်မတော်အားကစားရုံ(A)၌ အမျိုးသား/အမျိုးသမီး ကီလိုတန်းအလိုက် အတိုက်ပြိုင်ပွဲများ အသီးသီးယှဉ်ပြိုင်ကစားကြသည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ရေ၊လေ) အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကိုဇေယျာသီရိတပ်မတော်အားကစားရုံ(B)၌ အမျိုးသား/အမျိုးသမီးအုပ်စုပတ်လည်ပွဲစဉ်များကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဒိုင်း (၃၃) ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိတပ်မတော်အားကစားရုံ(C)၌ အမျိုးသားဓားနှစ်လက်အတိုက်(က)တန်း၊ အမျိုးသား ဓားတစ်လက်အတိုက်(က)တန်း၊ အမျိုးသားဓားတစ်လက်အတိုက်(ခ)တန်း၊ အမျိုးသမီးဓားတစ်လက် အတိုက်ပြိုင်ပွဲ၊ အမျိုးသားဗန်တိုအတိုက်(က)တန်း၊ အမျိုးသား ဗန်တိုအတိုက်(ခ)တန်း၊ အမျိုးသားပန်ကြပ်ဆီလပ်အတိုက်(ခ)တန်း၊ အမျိုးသမီးပန်ကြပ်ဆီလပ်အတိုက်ပြိုင်ပွဲများကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ စံပယ်အားကစားရုံ၌ အလွတ်တန်း ၃ ယောက်တွဲအဖွဲ့လိုက် ဗိုလ်လုပွဲပွဲစဉ်များကိုလည်းကောင်း၊ (၅၆)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိစစ်ကြောရေး နှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ ကီလိုတန်း အလိုက်ပွဲစဉ်များ၊ အလွတ်တန်းပွဲစဉ်များ အသီးသီးယှဉ်ပြိုင်ကစားကြသည်။















