တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစား နေပြည်တော် အောက်တိုဘာ ၃

Saturday, October 3, 2026 - 06:30

တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစား

 

နေပြည်တော် အောက်တိုဘာ ၃

 

၂၀၂၆ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာအားကစားနည်းများအလိုက်သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင်  ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

၂၀၂၆ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကိုအောက်တိုဘာလ ၁ ရက်နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိဇေယျာသီရိတပ်မတော်အားကစားရုံ(A)၌ ကျင်းပပြုလုပ်ရာ ၂၀၂၆ခုနှစ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလားတပ်မတော် (ကြည်း၊ ရေ၊ လေ) ဖူဆယ်ပြိုင်ပွဲ  ဗိုလ်လုပွဲအဖြစ်  ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြုအသင်းနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြုအသင်းက  နေပြည်တော် တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းကို ၆ ဂိုး ၅ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာပွဲစဉ် တစ်လျှောက်တစ်ဦးချင်းနေရာလိုက်အကောင်းဆုံးဆုများဖြစ်သည့် အကောင်းဆုံးကစား သမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ ဂိုးသွင်းအများဆုံးဆုရရှိသူများနှင့် ပထမဆု၊ ဒုတိယဆု၊ တတိယ ဆုရရှိသည့်အသင်းများ၊ အသန့်ရှင်းဆုံးအသင်းဆုရရှိသည့်အသင်းများအား တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များ နှင့် ငွေသားဆုများကိုအသီးသီးပေးအပ်ချီးမြှင့်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စားတပ်မတော်(ရေ) မှ အရာရှိကြီးတစ်ဦးက ပထမဆုဆွတ်ခူးရရှိသည့်   ကာ ကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြုအသင်းအား တံခွန်စိုက် ဆုဖလား၊ ဆင့်ပွားဖလားနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ၂၀၂၆ ခုနှစ်၊တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်းတပ်မတော်(ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းမှစတင်ပြီးဇေယျာသီရိတပ်မတော်အားကစားကွင်း၌ အမျိုးသား/အမျိုးသမီး မီတာ ၁၀၀၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၁၀၀ ပြေးပြိုင်ပွဲ လူရွေးပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၈၀၀ ပြေးပြိုင်ပွဲ လူရွေးပွဲ၊ အမျိုးသားတန်းမြင့်ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသမီး သုံးဆင့်ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်အမျိုးသားလှံတံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ရေ၊လေ) ဂျူဒိုပြိုင်ပွဲကို ဇေယျာသီရိ တပ်မတော်အားကစားရုံ(A)၌ အမျိုးသားခတပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယရရှိသည့် အားကစားသမားများအား ကာကွယ်ရေးဦးစီးချူပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးတစ်ဦးနှင့်တာဝန်ရှိသူများက ငွေသားဆုနှင့်တစ်ဦးချင်းဆုများအသီးသီး ပေးအပ်သည်။ 

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ရေ၊လေ)အမျိုးသား / အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိတပ်မတော်အားကစားရုံ(B)၌ အမျိုးသား/ အမျိုးသမီးအုပ်စုပတ်လည်ပွဲစဉ်များကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း (၃၃)ကြိမ်မြောက်  တပ်မတော် (ကြည်း၊ရေ၊လေ) မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိတပ်မတော် အားကစားရုံ(C)၌ အမျိုးသားဗန်တိုအတိုက်ပြိုင်ပွဲ(က)တန်း၊ အမျိုးသားဗန်တို အတိုက်ပြိုင်ပွဲ (ခ)တန်း၊ အမျိုးသားဓားနှစ်လက်အတိုက်ပြိုင်ပွဲ(က)တန်း၊ အမျိုးသားဓားတစ်လက်အတိုက် ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသား ဓားတစ်လက်အတိုက်ပြိုင်ပွဲ(က)တန်း၊ အမျိုးသားပန်ကြပ်ဆီလပ် အတိုက်ပြိုင်ပွဲ၊ အမျိုးသမီးဓားတစ်လက်အတိုက်ပြိုင်ပွဲ များကိုလည်းကောင်း၊ အသီးသီးယှဉ်ပြိုင်ကစားကြသည်။

အလားတူ ၂၀၂၆ ခုနှစ်၊ (၆၃)ကြိမ်မြောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလားအလွတ်တန်းအဆင့် ဘောလုံးပြိုင်ပွဲကိုညနေပိုင်းတွင် ဒုတိယအဆင့်အုပ်စုပတ်လည်ပွဲစဉ်အဖြစ် နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းနှင့်အရှေပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ယှဉ်ပြိုင်ကစားကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းက အရှေပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား ၄ ဂိုး  ၁ ဂိုး ဖြင့် အနိုင်ရရှိခဲ့ သည်။

အဆိုပါအားကစားပြိုင် ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊  ဒိုင်အဖွဲ့ဝင်များ၊ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။(၁၀၀)