လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရေပြန်လည်ကျဆင်းသွားသည့် မြို့၊ ရွာ၊ ရပ်ကွက်များ၌ တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအားဖယ်ရှားရှင်းလင်း နေပြည်တော် အောက်တိုဘာ ၃ 

Tuesday, October 6, 2026 - 06:30

 

လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရေပြန်လည်ကျဆင်းသွားသည့် မြို့၊ ရွာ၊ ရပ်ကွက်များ၌ တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအားဖယ်ရှားရှင်းလင်း

 

နေပြည်တော် အောက်တိုဘာ ၃ 

 

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင်လ ၃၀ ရက်ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်ကျေးရွာများ အတွင်း ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုကြောင့် လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ မြို့ပေါ် ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တို့တွင် ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သည်။

အဆိုပါ ငဝန်မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့်  လေးမျက်နှာမြို့နယ် နှင့် ကျောင်းကုန်းမြို့နယ်တို့၌ ရေများပြန်လည်ကျဆင်းသွားခဲ့ပြီး ရေကြည်မြို့နယ်အတွင်း ၉ ပေ ၁၀ လက်မခန့်၊ ငါးသိုင်းချောင်းမြို့နယ်အတွင်း ၉ ပေ ၉ လက်မခန့်နှင့် ကျုံပျော်မြို့နယ်အတွင်း  ၇ ပေ  ၄  လက်မခန့်ဆက်လက်ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ နှင့် ဒေသခံတိုင်းရင်းသားများပူးပေါင်း၍  ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုအချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးခြင်း နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် မှ တာဝန်ရှိသူများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများကသွားရောက်ကြည့်ရှုပြီး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)