မုံရွာမြို့တွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးနှင့် သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၄၈၀ တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ
နေပြည်တော် အောက်တိုဘာ ၂
မုံရွာမြို့တွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးနှင့် သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၄၈၀ တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၇ ရက် ည ၈ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်နေ ဇော်နိုင် (၄၉)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ တစ်ရပ်ကွက်တည်းနေသူများဖြစ်သည့် ကျော်မင်းလွင် (ခ)ဟိန်းထက်ဝင်း(၂၄)နှစ်၊ ဝမ်းဝမ်း(၁၉)နှစ်၊ ဇော်ဟိန်းထက်(၃၁)နှစ်တို့ ၄ ဦးကို နေအိမ်ခြံဝင်းအတွင်းရှိ FORLAND အမျိုးအစားယာဉ်ပေါ်မှ ဘိန်းဖြူ ၆၆ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၃၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၃၁ ဘီလီယံ)နှင့်အတူ ဖမ်းဆီးရမိသဖြင့် ဇော်နိုင်၊ ကျော်မင်းလွင် (ခ)ဟိန်းထက်ဝင်း၊ ဝမ်းဝမ်းနှင့် ဇော်ဟိန်းထက်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ထို့တူစက်တင်ဘာလ ၂၉ ရက် ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် သာစည်မြို့၊ အမှတ်(၄)မြို့မရပ်ကွက်နေ မဝင်းမာဌေး(၃၈)နှစ် မောင်းနှင်ပြီး လွိုင်ကော်မြို့၊ ဒေါဓမ္မရပ်ကွက်နေ မစန်းစန်းမြင့်(၄၅)နှစ် လိုက်ပါလာသော SHAYAN 125 အမျိုးအစားဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ ၂ ဦး၏ ခန္ဓာကိုယ်တွင် သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၂၄၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄၈၀) ဖမ်းဆီးရမိသဖြင့် မဝင်းမာဌေးနှင့် မစန်းစန်းမြင့်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
