တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအားကြည့်ရှုအားပေး
နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၂ ရက်
တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအပြင် သံဃာ တော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း လက်ခံဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်း မြို့ရှိ တပ်မတော်ဆေးရုံ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ တပ်မတော်ဆေးရုံ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဆေးတပ်ရင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တပ်မတော်ဆေးရုံနှင့် မန္တလေး တိုင်းဒေသကြီး၊ မန္တလေးမြို့၊ နန်းမြို့တွင်းရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွား မှု၊ ဆေးဝါးကုသပေး ထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာ များနှင့် ချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ထို့နောက် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံ များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြကြောင်းသတင်းရရှိသည်။





