တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ
နေပြည်တော် အောက်တိုဘာ ၂
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသားလူငယ်များအား မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ကျောင်းပြင်ပ ဗဟုသုတများရရှိစေရန်၊ မြန်မာ့သမိုင်းစဉ်ကာလတစ်လျှောက်တွင် အစဉ်အလာကြီးမားခဲ့သည့် ရှေးခေတ်မြန်မာ့ တပ်မတော်၏ ဆောင်ရွက်ချက်များနှင့်အထွေထွေဗဟုသုတများကိုလေ့လာနိုင်စေရန်နှင့် သင်ရိုးညွှန်းတမ်းပါသင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင် ရွက်ပေးလျက်ရှိသည်။
ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက် တန်းကျောင်း(ရွာတော်)၊ ဥတ္တရသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(ပိုးစာတော)၊ အခြေခံပညာအထက်တန်းကျောင်း (တက်ရှိန်း)၊ အခြေခံ ပညာအထက်တန်းကျောင်း (သရက်တော)၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (ဘုရားတောင်)တို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့လာရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာကြည့်ရှုကြသည်။ ထို့နောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများအား မုန့်များပေးဝေကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ပြတိုက်တာဝန်ရှိသူက ပြတိုက်၏သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ပြတိုက်အတွင်းရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကိုမေးမြန်းကြရာ ပြခန်းများအလိုက် တာဝန်ရှိသူများကပြန်လည်ဖြေကြားပေးကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ပြင်ပပြကွက်များတွင် ခင်းကျင်းပြသထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့်တပ်မတော်လေယာဉ် များကိုလေ့လာခဲ့ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။
လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း အခုလိုပဲ ကြားသိခဲ့ရပါတယ်
“ကျွန်မတို့ တိုင်းရင်းသားလူမျိုးများဟာ ကိုယ့်ရဲ့အိမ်မှာ သူခိုးဓားပြတွေ ကာကွယ်ဖို့အတွက် ခြံစည်းရိုးတွေကို ခိုင်ခံ့အောင် တည်ဆောက်သလို ကျွန်မတို့ရဲ့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ သဘာဝသယံဇာတပစ္စည်းတွေ၊ လူ့စွမ်းအားအရင်းအမြစ်တွေကို ကာကွယ်ပေးသော သက်ရှိစည်းရိုးတွေကို လာရောက်ပြီးတော့ သူတို့ရဲ့သမိုင်းကြောင်းကို လေ့လာရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပီတိဖြစ်မိပါတယ်။ ကျွန်မတို့နဲ့လိုက်ပါလာတဲ့ ကျောင်းသား၊ ကျောင်းသူများကလည်း နိုင်ငံတော်ကိုကာကွယ်ပေးနေတဲ့ တပ်မတော်သားတွေရဲ့ စွန့်လွှတ်စွန့်စားမှုကို လာရောက်ပြီးတော့ လေ့လာရတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေကလည်း ဝမ်းမြောက်ပီတိ ဖြစ်နေကြပါတယ်။ ဒီနေ့ လေ့လာရေးခရီးစဉ်မှာဆိုရင် ကျောင်းသား၊ ကျောင်းသူနဲ့ ဆရာ၊ ဆရာမပေါင်း ၇၀၀ ကျော် လာရောက်လေ့လာခဲ့တာပဲဖြစ်ပါတယ်။ တပ်မတော်နဲ့လွတ်လပ်ရေးရရှိခဲ့တဲ့ သမိုင်းမှတ်တမ်းအကြောင်းတွေကို စာတွေ့နဲ့လက်တွေ့ပူးပေါင်းပြီးတော့ လာရောက်လေ့လာရတဲ့အတွက် ကလေးတွေကလည်း ဝမ်းသာဂုဏ်ယူနေကြပါတယ်။ အဲဒီလိုမျိုး လေ့လာရေးခရီးစဉ်ကို စီစဉ်ပေးပါသော နိုင်ငံတော်မှတာဝန်ရှိအကြီးအကဲများနှင့် ကျွန်မတို့ရဲ့ ကျောင်းအုပ်ဆရာမကြီးကိုပဲ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားချင်ပါတယ်” ဟုပြောသည်။
“ကျွန်တော်တို့ အခုလိုမျိုး တပ်မတော်စစ်သမိုင်းပြတိုက်ကို လာရောက်ပြီးတော့ လေ့လာရတဲ့အတွက် ကျွန်တော်အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်တော်တို့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကျွန်တော်တို့ အတိတ်ကဖြစ်ခဲ့တဲ့ သမိုင်းအကြောင်းအရာတွေ၊ပြီးတော့ အတိတ်ကဖြစ်ပေါ်ခဲ့တဲ့ စစ်ပွဲတွေအကြောင်းကို စာတွေ့သာမက လက်တွေ့ပါ ကျွန်တော်တို့က လေ့လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အထူးပဲကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်ကတော့ တပ်မတော်စစ်သမိုင်းပြတိုက်မှာဆိုရင် တိုက်ပွဲဝင်ခဲ့တဲ့လူတွေရဲ့ စစ်လက်နက် ပစ္စည်းတွေကို လေ့လာခဲ့တယ်။ ပြီးတော့ ရေကြောင်းနဲ့လေကြောင်းမှာ ဆိုလို့ရှိရင်လည်း စစ်ပွဲတွေမှာသုံးခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေအကြောင်းကို ကျွန်တော်အများကြီးလေ့လာခဲ့ပါတယ်။ တပ်မတော်စစ်သမိုင်းပြတိုက်ကြီးမှာ လေ့လာစရာတွေလည်း အများကြီးပါ။ အခုလိုမျိုး လာရောက်လေ့လာနိုင်အောင် ကူညီပေးတဲ့ တာဝန်ရှိသူအားလုံးကိုလည်း ကျေးဇူးအထူးပဲတင်ရှိပါတယ်”ဟုပြောသည်။ (၁၀၀)


