တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားသည့်နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက် အားတိုက်ဆောင်ရွက် နေပြည်တော် အောက်တိုဘာ  ၂ 

Friday, October 2, 2026 - 06:15

တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားသည့်နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက် အားတိုက်ဆောင်ရွက်

 

နေပြည်တော် အောက်တိုဘာ  ၂ 

 

မြန်မာနိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းစက်တင် ဘာလ ၂၆ ရက်ညနေပိုင်းမှစ၍   မိုးသည်းထန်စွာအဆက် မပြတ်ရွာသွန်းမှုဖြစ်ပေါ်၍ မြို့နယ်အချို့တွင်  မြစ်ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့်အပြင် ထားဝယ်- မြိတ်-တနင်္သာရီ -ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိနေရာအချို့နှင့် မြိတ်-မောတောင် လမ်းမကြီးပေါ်ရှိ နေရာအချို့တွင်ရေကျော်ခြင်းများ၊ လမ်းပေါ်တွင်မြေပြိုကျ၍ လမ်းပိတ်ခြင်းများ၊ လမ်းပေါ်ရှိ တံတားများတွင် အမှိုက်များ ပိတ်ဆို့ခြင်းများဖြစ်ပွားခဲ့သည်။

အဆိုပါရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့်နေရာများရှိ ရေဘေးသင့်ပြည်သူများအား ယာယီရေဘေးကူညီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးခြင်း၊ လမ်းတံတားများတွင် ပိတ်နေသည့် မြေကြီးများ၊ အမှိုက်များအား ရှင်းလင်းပေးခြင်း၊ သွားလာ၍မရသောနေရာများ၌ လမ်းလွှဲများဖောက်လုပ်ပေးခြင်း၊ မြစ်ရေဝင်ရောက်မှုမရှိစေရေးရေနုတ်မြောင်းများတူးဖော်ခြင်း၊ သစ်ပင်ချုံနွယ်များရှင်းခြင်းနှင့်အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ပေးခြင်းတို့ကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့်ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ စက်ယန္တရားများအသုံးပြုကာ အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ကူညီကယ်ဆယ်ရေးနှင့်ရေဝင်ရောက်မှုတားဆီးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။ (၁၀၀)