နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက်စစ်ဆင်ရေးတာဝန်များကိုထမ်းဆောင်ခဲ့ပြီး ရှေ့တန်းပြန်နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကျင်းပ
နေပြည်တော် အောက်တိုဘာ ၂
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သား ကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ တနိုင်းမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ တနိုင်းတပ်နယ်မှ တာဝန်ရှိသူ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာလုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့်ဝေးကွာ၍ နေ့မအားညမအား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန် တပ်မတော်သားများအား တနိုင်းတပ်နယ်မှတာဝန်ရှိသူများ၊ တက်ရောက်လာကြသူများကအောင်သပြေခက်များ၊ အောင်ပန်းကုံးများကမ်း၍ လည်းကောင်း၊ အတီးအမှုတ်၊ အကအခုန်များဖြင့် လည်းကောင်း သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။
ယင်းနောက် တနိုင်းတပ်နယ်မှ တာဝန်ရှိသူတစ်ဦးက အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
