တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ၂၀၂၆ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော် အောက်တိုဘာ ၂

Friday, October 2, 2026 - 05:45

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ၂၀၂၆ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် အောက်တိုဘာ၂

 

၂၀၂၆ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊ လေ)  အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ   ဇနီးဒေါ်နီလာ၊  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချူပ်ကြီး ကျော်စွာလင်းနှင့်ဇနီး ဒေါ်နန်းကူးကူ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်ဘောလုံးအကယ်ဒမီကျောင်းမှ သင်တန်းသားများ၊ ဖိတ်ကြားထားသူများနှင့်ပြိုင်ပွဲဝင်အားကစား သမားများ တက်ရောက်ကြသည်။ဦးစွာ တပ်မတော်(ကြည်း၊ရေ၊လေ)စစ်တီးဝိုင်းအဖွဲ့က ကွင်းအတွင်း ဝင်ရောက်နေရာယူပြီး  စစ်ရေးပြမှူးကြီးဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစားအသင်း(၁၇)သင်းမှအားကစားသမားများက ကွင်းအတွင်းဆက်လက်နေရာယူကြသည်။

ထို့နောက် ၂၀၂၆ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားဖွင့်လှစ်ကြောင်း ကြေညာချိန်တွင် တပ်မတော်အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်တို့က  ဖွင့်ပွဲစာတမ်းပါ မိုးပျံပူဖောင်းများအား ဖဲကြိုးဖြတ်၍ လွှတ်တင်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစားသမားများ၏ အလေးပြုခြင်းကိုခံယူသည်။ 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြား ရာတွင် တပ်မတော်(ကြည်း၊ရေ၊လေ) လက်ရွေးစင်အားကစားသမားများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများအဖြစ် တက်လှမ်းနိုင်စေရန်နှင့် မျိုးဆက်သစ်လူငယ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍  အခုကဲ့သို့တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ကျင်းပပေးနေရခြင်းဖြစ်ကြောင်း။

မြန်မာ့အားကစားကဏ္ဍ တိုးတက်ရေးကို အထောက်အကူပြုနိုင်ရန်အတွက် တပ်မတော်အနေဖြင့် တပ်မတော်ကိုယ်ခံပညာနှင့်အားကစားသိပ္ပံကျောင်းကို ၁၉၉၇-၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အချိန်ထိ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ စတင်ဖွင့်လှစ်ခဲ့ချိန်မှ ယနေ့ထိတိုင်အောင် တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရွေးစင်အားကစားသမားများသာမက မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့သည့် လက်ရွေးစင် အားကစားသမားများကိုပါ  မွေးထုတ်နိုင်ခဲ့သည်အထိ အောင်မြင်မှုများရရှိခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။         

ထို့အပြင် မြန်မာ့အားကစားရွှေခေတ်လို့ဆိုရမည့် ကာလများမှာလည်း မိမိတို့ တပ်မတော်သားများပါဝင်ပြီး အောင်မြင်မှုသရဖူဆောင်းခဲ့သည့် မှတ်တမ်းများကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အာရှအဆင့်တွက်သာမက ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများအထိ ဘောလုံး၊ ရေကူး၊ အလေးမ၊ လက်ဝှေ့စသည့် အားကစားနည်းများတွင် နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို ဆောင်ကြဉ်းခဲ့ရုံသာမက မှတ်တမ်းများတစ်လျှောက် ယနေ့ထက်တိုင် သမိုင်းပုံရိပ်များအဖြစ် ထင်ကျန်နေဆဲဖြစ်ကြောင်း။

ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် အားကစားနည်း(၁၂)မျိုးကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရာဇဝင်သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက ကျန်းမာကြံ့ခိုင်သည့် လူမျိုးများအဖြစ် အများကလေးစားအားကျရလောက်သည်အထိ ကာယအား၊ ဉာဏအား ထွန်းပြောင်ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဆန်ရေစပါးပေါများသည့် မိမိတို့နိုင်ငံတွင်  စားသောက်နေထိုင်မှုများကို သဘာဝနှင့်အညီ နေထိုင်ကျင့်ကြံခဲ့ကြ၍ မိမိတို့၏ဘိုးဘေးဘီဘင်များ အသက်ရှည်ရှည် ကျန်းကျန်းမာမာနှင့် နေထိုင်နိုင်ခဲ့ကြကြောင်း၊ မိမိတို့၏ သန်စွမ်းကျန်းမာမှုများကို အလဟဿမဖြစ်စေဘဲ ကျရောက်လာသည့် သမိုင်းပေးတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များတွင် ကိုယ်ကျိုးမငဲ့ ထမ်းရွက်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

အားကစားနှင့်ပတ်သက်၍ ရှေးဘုရင်များ အုပ်စိုးစဉ်အခါကပင် လှေသဘင်ပွဲ၊ မြင်းခင်းသဘင်ပွဲများ ကျင်းပခဲ့သည့်အစဉ်အလာများရှိခဲ့သည်ကို ၁၂ လရာသီပွဲတော် မှတ်တမ်းများအရ သိရှိကြရမည်ဖြစ်ကြောင်း၊ ဘာသာရေး၊ အမျိုးသားရေး၊ ရိုးရာယဉ်ကျေးမှုစသည့် အထိမ်းအမှတ်ပွဲတော်များကို ၁၂ ရာသီပတ်လုံး ကျင်းပခဲ့ကြသလို လှေသဘင်ပွဲနှင့် မြင်းခင်းသဘင်ပွဲမှတစ်ဆင့် တိုင်းပြည်ကာကွယ်ရေးအတွက် လိုအပ်သည့် စစ်သည်ရဲမက် သူရဲကောင်းရွေးချယ်ခြင်းများကိုလည်း ပြုလုပ်နိုင်ခဲ့ကြကြောင်း၊ တစ်နည်းအားဖြင့် ဉာဏပေါင်းစပ်ထားသည့် ကာယအားပြု အားကစားပြိုင်ပွဲများသည် နိုင်ငံတော်ကာကွယ်ရေးကို အထောက်အကူပြုစေရန်ဖြစ်ကြောင်း။

ထို့ကြောင့်မိမိတို့တပ်မတော်အနေဖြင့်လည်းယနေ့အားကစားပြိုင်ပွဲ အသီးသီးကို သတ်မှတ်ကာလများတွင်ကျင်းပစေပြီး ထူးချွန်သည့် အားကစားသမားများ ပေါ်ထွန်း လာစေရန် ရှေ့အစဉ်အလာများနှင့်အညီ ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ကြောင်း၊ တပ်ခွဲအဆင့်၊ တပ်ရင်းအဆင့်၊ တပ်မအဆင့်၊ တိုင်းအဆင့်တို့မှ တစ်ဆင့် တပ်မတော်ကိုယ်စားပြု အားကစားသမားတစ်ယောက်ဖြစ်လာခြင်းသည် နိုင်ငံ့လက်ရွေးစင် အားကစားသမား တစ်ယောက် ထပ်မံဖြစ်ပေါ်လာစေရန် အခွင့်အလမ်းကောင်းတစ်ရပ်ဟုလည်း ဆိုနိုင်မည်ဖြစ်ကြောင်း။ တပ်မတော်အနေဖြင့် အမျိုးသားရေးယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက် စေဘဲ မျိုးဆက်သစ်များပေါ်ထွန်းစေရန် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများကျင်းပပေးခြင်း၊ အားကစားသမားကောင်းများပေါ်ထွက်အောင် အခုကဲ့သို့ (ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ကျောင်းသား လူငယ်များအတွက် ရေကြောင်း၊ လေကြောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းများသည် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ကောင်းများပေါ်ထွန်းလာအောင် ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း။

ထို့အပြင်အသင်းအုပ်ချုပ်သူများ၊ နည်းပြအဖွဲ့ဝင်များအနေဖြင့်လည်းအားကစားသမားရွေးချယ်ခြင်းကိစ္စရပ်များတွင် အမှန်တကယ် ခြေစွမ်းခြေစရှိသူများကို ရွေးထုတ် ပေးကြရန်လိုပြီး အားကစားနှင့်မသက်ဆိုင်သည့် ပုဂ္ဂိုလ်ရေးများကတစ်ဆင့် ရွေးချယ် ခြင်းမပြုကြရန်နှင့် အသင်းတာဝန်ရှိသူများ၏ သစ္စာတရားကိုပြသကြရန် လိုအပ်မည် ဖြစ်ကြောင်း။ 

စစ်ပွဲတစ်ပွဲတွင် အင်အားနည်းခြင်း၊ များခြင်း၊ လက်နက်အင်အား သာလွန်ခြင်းများထက် တိုက်ပွဲဝင်လိုစိတ်ပြင်းပြမှုနှင့် အနိုင်မခံအရှုံးမပေး စိတ်များကသာ ခေတ် အဆက်ဆက်တွင် ထိရောက်အောင်မြင်မှုရနေဆဲဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မကြာခင်က ကျင်းပပြီးစီးခဲ့သည့်  ကမ္ဘာ့ဖလားပြိုင်ပွဲကြီးတွင် အင်အားကြီး နာမည် ကျော်အသင်းကြီးများကို အကြောက်အရွံ့ကင်းမဲ့စွာ ယှဉ်ပြိုင်ကစားခဲ့ကြသည့် မျက်နှာသစ်ပြိုင်ပွဲဝင် နိုင်ငံငယ်အသင်းများကိုတွေ့ရှိခဲ့ရကြောင်း။        

မိမိတို့ထက် အစစသာလွန်သည့် အသင်းကြီးဖြစ်သော်လည်း အကြောက်တရား မထားဘဲ ဗျူဟာမြောက်ကစားကွက်များနှင့် တုံ့ပြန်ကစားခဲ့သဖြင့် အသင်းကြီးအချို့ ရလဒ်မကောင်းခဲ့ကြသည်ကိုလည်းတွေ့မြင်ခဲ့ရကြောင်း၊ ၎င်းသည် အားကစားသမားများ၏ နိုင်ချင်စိတ်၊ အောင်မြင်ချင်စိတ်ရှိခြင်းကြောင့်ဟုလည်း ဆိုနိုင်မည်ဖြစ်ကြောင်း။

အားကစားပြိုင်ပွဲတွင် မိမိသာလျှင် “တော်သည်၊ တတ်သည်၊ ကောင်းသည်၊ မှန်သည်” ဆိုသည့် အစွဲသည် အသင်းအဖွဲ့တစ်ခုကို ထိခိုက်ပျက်စီးစေခြင်း၏ အစဖြစ်ကြောင်းကို အားလုံးသတိပြုကြရန်လိုကြောင်း၊ အသင်းလိုက်ကစားရသည့် ပြိုင်ပွဲများတွင် တစ်ဦးတစ်ယောက်အပေါ် လွန်ကဲစွာမှီခိုခြင်း မပြုသင့်ကြောင်း အသိတရား တစ်ခုကို အားကစားပွဲများကတစ်ဆင့်ရရှိစေပြီး အသင်းသားတိုင်း ညီညွတ်စုစည်း ကြမှသာ အောင်မြင်မှုရရှိမည်ဆိုသည်ကိုလည်း သင်ခန်းစာရရှိစေမည် ဖြစ်ကြောင်း၊ အဆိုပါသင်ခန်းစာများကို အားလုံးနားလည်သိရှိပြီး လိုက်နာကျင့်သုံးမည်ဆိုပါက အားကစားတွင်သာမက  ဘဝလမ်းကြောင်းများတွင် အောင်မြင်မှုများ ရရှိကြမည်ဖြစ်ကြောင်းကို တိုက်တွန်းမှာကြားလိုကြောင်း။

မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ အသီးသီးတွင် ယနေ့ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် အားကစားသမားများသည် သမိုင်းကြောင်းလှပခဲ့သည့် တပ်မတော်အားကစားပုံရိပ် ပြန်လည်မြင့်မားစေရေး အစွမ်းကုန်ယှဉ်ပြိုင်ကစားကြရန်လိုအပ်ကြောင်း။

မိမိအသင်းအတွက် အောင်မြင်မှုရရှိရန် ကြိုးစားသည့်နေရာတွင်  အောင်ပွဲရရင်လည်း ပျော်သကဲ့သို့ အရှုံးကိုလည်း လက်ခံနိုင်သူများ ဖြစ်အောင်ကြိုးစားပြီး အားကစားသမားကောင်း စိတ်ဓာတ်ကိုပြသကြရန်၊ အားကစားကဏ္ဍမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းက ကာကွယ်စောင့်ရှောက်နေသည် ဆိုသည့် အမျိုးသားရေးခံယူချက် အသိတရားမွေးမြူပြီး မလျှော့သော ဇွဲလုံ့လများနှင့် ကြိုးစားယှဉ်ပြိုင်ကြရန်၊ စည်းကမ်းကောင်းမွန်ပြီး စည်းလုံးညီညွတ်မှုရှိပါက မည်သို့သော ပြိုင်ဘက်မျိုးကိုမဆို ရင်ဆိုင်ယှဉ်ပြိုင်ဝံ့သည်ဆိုသည့် အသိတရားတစ်ခုကိုလည်း ဘဝ တစ်သက်တာလုံးလက်ကိုင်ထားပြီး လိုက်နာကျင့်သုံးသွားကြရန်၊ ရည်ရွယ်ချက်ကောင်းများနှင့် ကျင်းပပေးလျက်ရှိသည့် မိမိတို့၏ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲအသီးသီးကတစ်ဆင့် ကိုယ်စီရှိထားကြသည့် အရည်အချင်းအသီးသီးကို ဖော်ထုတ်ပြီး နိုင်ငံတော်နှင့်တပ်မတော်အတွက် အားကိုးအားထားပြုရသည့် အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန်တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် စစ်ရေးပြမှူးကြီးဦးဆောင်၍ အလံတော်အဖွဲ့နှင့်အတူ ပြိုင်ပွဲဝင် အသင်းများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြု ထွက်ခွာကြသည်။ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက် ရောက်လာကြသူများသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြသည်။ 

အဆိုပါ ပွဲစဉ်တွင် တစ်ဖက်နှင့်တစ်ဖက်ရလာဒ် ကောင်းရရှိနိုင်ရေး အပြန်အလှန်ဖိအားပေးကစားခဲ့ကြသော်လည်း ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းက အချိတ်အဆက်မိမိ၊ ကစားကွက်မိမိဖြင့် ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကာ ကစား နိုင်ခဲ့သောကြောင့် ပွဲကစားချိန်မိနစ်အားလုံးပြီးဆုံးချိန်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံးကိုယ်စားပြု အသင်းကို ၂ ဂိုး  ၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်။

တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲတွင် ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော် ခြင်းပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲ၊ မြန်မာ့သိုင်း(ကျား/မ)ပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲ၊ ဘော်လီဘော (ကျား/မ)ပြိုင်ပွဲ၊ ပြေးခုန်ပစ်(ကျား/မ)ပြိုင်ပွဲ၊ ဂျူဒို(ကျား/မ)ပြိုင်ပွဲ၊ ဂေါက်သီးရိုက် ပြိုင်ပွဲ၊  တိုက်ကွမ်ဒိုပြိုင်ပွဲ၊ ကရာတေးပြိုင်ပွဲနှင့် ရိုးရာခြင်းလုံးပြိင်ပွဲစသည့် အားကစား နည်းအမျိုးအစား ၁၂ မျိုးကို အောက်တိုဘာ ၁၆ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။