မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များကြောင့် ပြစ်ဒဏ်များကျခံပြီးနောက် လူဝင်မှုကြီးကြပ် ရေးထိန်းသိမ်းရေးစခန်းများတွင်ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ပြန်ရန်အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား

Thursday, October 1, 2026 - 19:00

 

မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များကြောင့် ပြစ်ဒဏ်များကျခံပြီးနောက် လူဝင်မှုကြီးကြပ် ရေးထိန်းသိမ်းရေးစခန်းများတွင်ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ပြန်ရန်အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်ချက်အရ တပ်မတော်မှစစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်

 

နေပြည်တော် အောက်တိုဘာ ၁

 

မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့်အခြားသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာစည်းကမ်းချက်များချိုးဖောက်ခဲ့သည့်အတွက် ပြစ်ဒဏ်များကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင်ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ပြန်ရန်အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားစိစစ်ပြီးသူ ၁၄၇၆ ဦးကို မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ရန်  နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှုအရ တပ်မတော်(ရေ)မှတာဝန်ရှိသူများ ဦးဆောင်သည့် စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၊ စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့သည် ရန်ကုန်မြို့မှ စက်တင်ဘာလ  ၂၄  ရက်နေ့တွင် ထွက်ခွာ၍ သွားရောက်ခေါ်ဆောင်ခဲ့ရာ  မလေးရှားနိုင်ငံ၊ လူမွတ်ဆိပ်ကမ်းသို့ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြောင်း၊ ပစ်ဒဏ်ကျခံပြီးသော မြန်မာနိုင်ငံသား ၁၄၇၆ ဦးအား မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး(ကြည်း၊ ရေ၊ လေ)တို့အနေဖြင့် မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာန၊ တာဝန်ရှိသူများထံမှစနစ်တကျ လွှဲပြောင်းလက်ခံခဲ့ပြီးနောက်၊ စစ်ရေယာဉ်များသည် စက်တင်ဘာလ ၂၉ ရက်နေ့ ညပိုင်းတွင် မလေးရှားနိုင်ငံ၊ လူမွတ်ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့  ပြန်လည်ထွက်ခွာလာမှုအား သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

 “ဟိုမှာ အလုပ်သွားလုပ်တာပါ။ ကြာပါပြီ ၁၉၉၉ ခုနှစ်ကတည်းကရောက်တာပါ။ အကြောင်းအမျိုးမျိုးကြောင့် ပြဿနာတက်ပြီးတော့ ဖမ်းဆီးခံရပြီးတော့ပြန်လာတာပါ။ တိုင်းရင်းသားတွေ ထောင်ထဲမှာရော ဒီထိန်းသိမ်းရေးစခန်းမှာ လူပေါင်းများစွာလည်း ကျန်ရှိပါသေးတယ်။ ပြန်ခေါ်နိုင်အောင် ကြိုးစားပေးပါလို့။  အမိမြေနဲ့ခွဲခွာသွားတာလည်း  ကြာပြီလေ။ လူတွေက အများကြီးပဲစိတ်ထိခိုက်တယ်။  ဘာသာစကားမတတ် အင်္ဂလိပ်ဘာသာစကား၊ တရုတ်ဘာသာစကားမတတ်တဲ့အတွက်လည်း လူတွေဒုက္ခအမျိုးမျိုးရောက်ရတယ်။ သူများနိုင်ငံသွားရင် သူများဘာသာစကားတတ်မှ သူများနိုင်ငံရဲ့ ယဉ်ကျေးမှုကို လေ့လာမှ  မလေးရှားနိုင်ငံသားတွေက ချစ်တာပါ။ ကိုယ့်နိုင်ငံလည်း ကိုယ့်နိုင်ငံလာရင် ကိုယ့်ဘာသာစကားကို ကိုယ်တတ်အောင်သင်မှ သူများနိုင်ငံမှာလည်း  ယဉ်ကျေးမှုတွေသူ့ အလိုက်အထိုက်နေတတ်အောင်လည်းနေကြပါလို့ ကျွန်တော်ပြောချင်ပါတယ်။ Camp တွေက  ဖမ်းမိပြီး မြန်မာသံရုံးကို လွှဲပေးတယ်။ မြန်မာသံရုံးကနေပြီးတော့ ဒီဘက် မြန်မာနိုင်ငံလက်ထဲကို ပြန်ခေါ်ပေးတာပါ။ ဒီမှာတိုင်ရင်လည်း ဖမ်းဆီးခံရတယ်။ မှန်တာပဲဖြစ်စေ မမှန်တာပဲဖြစ်စေ ဒီနိုင်ငံမှာ တစ်နှစ်တစ်ခါ ပါမစ်ရှိတယ် သုံးနှစ်တစ်ခါ ပါမစ်ရှိတယ်။  ပါမစ်တွေကသက်တမ်းတိုးမှ ကျွန်တော်တို့က နေထိုင်ခွင့်ရတာ။ သူတို့နိုင်ငံမှာ အခွန်မဆောင်တဲ့အတွက် မလေးရှားက လဝကဥပဒေနဲ့ကျွန်တော်တို့မိတယ်။ အခုလိုပြန်လာရတာ ဝမ်းသာတာပေါ့။ မိသားစုနဲ့သားကွဲမယားကွဲ ညီအစ်ကိုမောင်နှမတွေ အဘိုးအဘွားတွေနဲ့လည်း တွေ့ချင်တာပေါ့။ ကျွန်တော်တို့ကို အခုလို ကူညီပေးတဲ့  နိုင်ငံတော်အကြီးအကဲရော ဒီလိုလုပ်ပေးတဲ့အတွက် လူတစ်ယောက် တည်း မဟုတ်ဘူး လူပေါင်းထောင်ချီလုပ်ပေးတဲ့အတွက် သိန်းပေါင်းများစွာကုန်တာလည်း ကျွန်တော်တို့သိတယ်။ ကျွန်တော်တို့အနေနဲ့လည်း ခံစားလို့ရတယ်။ ဘယ်လိုဘယ်လို လုပ်ပေးရတယ်ဆိုတာ၊ အကုန်လုံးကိုလည်းကျေးဇူးတင်တယ်။ နိုင်ငံတော်အကြီးအကဲတွေ၊ လဝကတို့၊ ဒီဘက်ရေတပ်၊   အင်ဂျင်နီ ယာတပ်တွေ  အကုန်လုံးကိုကျေးဇူးတင်ပါတယ်”ဟုပြောသည်။

“ကျွန်တော် ရမ်းဗြဲကနေပြီးတော့ ရန်ကုန်တက်တယ်။ ရန်ကုန်ကနေ မောတောင်၊ မောတောင်ကတစ်ဆင့် ကျွန်တော်မလေးရှားတက်တယ်။  အခက်အခဲတွေကတော့ကြုံရတာပေါ့။   ဒါပေမဲ့မလေးရှားရောက်တော့လည်း ဟိုအလုပ် ဒီအလုပ် အဆင်မပြေတာတွေကများတယ်။ သူဌေးတွေက အများကြီးဆိုးတယ်။  အဲ့ဒါတွေ   အဆင်မပြေဖြစ်ခဲ့တယ်။ ကျွန်တော်တို့တွေကဆင်းရဲတော့ နည်းနည်းအခက်အခဲတွေကများတယ်။ အဲ့ဒါကြောင့် ကျွန်တော်မလေးရှားတက်တာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံပြန်ရောက်တော့မယ်ဆိုတော့ပျော်ပါတယ်။ Camp မှာ ကျန်ခဲ့တဲ့လူတွေကတော့ နည်းနည်းအခက်အခဲရှိနေတယ်။ ဘာလို့လဲဆိုတော့ ဒီက မြန်မာတွေက  အကုန်ထွက်လာတော့ မြန်မာတွေကျန်ခဲ့တဲ့သူတွေကို  နှိပ်စက်နေတာတွေ  ရိုက်တာတွေ  ခံနေရတာတော့ စိတ်မကောင်းဖြစ်ရတာပေါ့။ အကုန်လုံးကျေးဇူးတင်ပါတယ်။ လာခေါ်တဲ့လူတွေရော အကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်”ဟု ပြောသည်။

“မလေးရှားရောက်တာ သုံးနှစ် လောက်ရှိပါပြီ။  အောက်လမ်းကနေပဲ လာတာပါ။ ကော့သောင်းကနေပြီးတော့   မလေးရှားကိုဝင်တယ်။ ဝင်ပြီးတော့ ဟိုရောက်တော့ ကျွန်တော်ကားဝပ်ရှော့ပေါ့၊ကားဝပ်ရှော့လုပ်ရတယ် အလုပ်အကိုင်လည်းအဆင်မပြေပါဘူး။ အထောက်အထားမရှိလို့ လဝကတွေ တော် တော်များများ ဖမ်းကြပါတယ်။ လဝကရောက်မှပဲ အထဲမှာခြောက်လလောက်ကြာတယ်။ ပြီးတော့မှ ဒီကျွန်တော်တို့ မြန်မာနိုင်ငံက ပြန်လာခေါ်တော့ ဒီမှာ လိုက်ပါလာပါတယ်။ ဘာလို့လဲဆိုတော့ အထဲမှာတော်တော်နေရတာ စားရတာ စိတ်ဆင်းရဲတယ်။ပင်ပန်းတယ်။ သံရုံးက ပြန်ရတော့မယ်ပြောတော့ ဒီတစ်လလောက် ကျွန်တော်တို့ တော်တော်ပျော်ကြတယ်။ ပြန်ရမှာလား မပြန်ရမှာလား အတိအကျမသိသေးဘူး။ ပျော်နေကြတယ်။ ပြန်ရမယ့်ညဆို တစ်ညလုံး အိပ်လို့မပျော်ဘူး။ ဘာလို့လဲဆိုတော့  ကိုယ်ကမြန်မာပြည်ပြန်ရောက်တော့မှာမို့လို့ အပြင်မှာနေတုန်းကတော့  ဘာမှမဖြစ်ဘူး။ အထဲရောက်မှ အနေဆင်းရဲတယ်၊အစားဆင်းရဲတယ်။ ထွက်လာမိတာကို နောင်တတွေအများကြီးရမိပါတယ်။ မလေးရှားကနေထွက်လာပြီးတော့ ကျွန်တော်တို့သင်္ဘောဆိပ်ရောက်တော့ မြန်မာ့အလံကိုမြင်တာနဲ့ စိတ်ထဲမှာ မျက်ရည်တောင်ကျမိပါတယ်ဗျ။ ဒါကတော့ ပြောပြလို့မတတ်အောင် ပျော်ပါတယ်ဗျ။  ဒီမနက်က  အထက်အရာရှိတွေက မြန်မာပိုင်နက်ထဲရောက်ပြီဆိုတာနဲ့ အော်ပေးတယ်။ကိုယ့်အိမ် ကိုယ့်ရာရောက်သလိုပါပဲ။ ငိုတဲ့လူလည်း ငိုကြပါတယ်။ ကိုယ့်အိမ်ကိုယ့်ရာရောက်ပြီ ဆိုတော့ပျော်ကြတာပေါ့။ သင်္ဘောပေါ်မှာ အစစအရာရာ အဆင်ပြေအောင်တာဝန်ရှိသူတွေက လုပ်ထားပေးပါတယ်။ မြန်မာနိုင်ငံအစိုးရနဲ့ ဌာနဆိုင်ရာအသီးသီးမှ လာခေါ်ပေးတဲ့ တာဝန်ရှိတိုင်းဒေသကြီးအစိုးရတွေ၊ ဒီသင်္ဘောပေါ်မှာရှိတဲ့ အရာရှိတွေအားလုံးကိုလည်း ရင်ထဲက အတိုင်းမသိ  ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျ”ဟုပြောသည်။          (၁၀၀)