‎တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ ‎‌နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁

Thursday, October 1, 2026 - 19:00

 

‎တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ

 

‎‌နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁

 

‎နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအား မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာ စေရန်၊ ကျောင်းပြင်ပ ဗဟုသုတများရရှိစေရန်၊ ခေတ်အဆက်ဆက် တပ်မတော် သမိုင်းမှတ်တမ်းများနှင့် အစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်း ပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်း ပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ သည်။

‎         ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ(စိုးစံ) ကိုယ်ပိုင်အထက်တန်းကျောင်းမှ  ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့လာရောက် လေ့လာကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး  ပြင်ပပြကွက်များတွင် ခင်းကျင်း ပြသထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့် တပ်မတော်လေယာဉ်များကို လေ့လာခဲ့ကြပြီး မြန်မာ့တပ်မတော် သမိုင်း မှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။

ထို့နောက်ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအတွက် မုန့်များကို ပေးဝေခဲ့ကြသည်။

ယင်းနောက်  ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား   ပြတိုက်တာဝန်ရှိသူက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်း ပြောကြားသည်။ ယင်းနောက် ပြတိုက်အတွင်းရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းများအလိုက် တာဝန်ရှိသူ များက ပြန်လည်ဖြေကြားပေးကြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများအတွက် ယနေ့လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏မေးမြန်းချက် များကို မှန်ကန်စွာ ဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြသည်။

လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း အခုလိုပဲ ကြားသိခဲ့ရပါတယ်။

အခုလို ဒီတပ်မတော်စစ်သမိုင်းပြတိုက်ကို လာရောက်လေ့လာခွင့်ရတဲ့အတွက် ကလေးတွေ ကပေါ့နော် မြန်မာ့သမိုင်းမှာ ရွှေရောင်လွှမ်းခဲ့တဲ့ ခေတ်သမိုင်းအဆက်ဆက်ကိုလည်း လေ့လာခွင့် ရခဲ့ပါတယ်။ ပြီးလို့ရှိရင် တပ်မတော် ကြည်း၊ ရေ၊ လေနဲ့ပတ်သက်ပြီးတော့ အသိပညာ ဗဟုသုတတွေအများကြီးကိုလည်း သူတို့လေ့လာခွင့်ရခဲ့ပါတယ် ဒီတပ်မတော်စစ်သမိုင်းပြတိုက်မှာ လိုအပ်တာများကို လာပြီးတော့ ရှင်းပြပေးတဲ့ လူကြီးများအားလုံးကိုလည်း အထူးပင်ကျေးဇူးတင် ရှိပါတယ်။ နောက်ထပ်ဖြည့်စွက်ပြောချင်တာကတော့ ဒီလိုနိုင်ငံတော်ကနေပြီးတော့ အဖက်ဖက်ကနေ ကျောင်းသူကျောင်းသားတွေ တိုးတက်ဖို့အတွက်ရော အစစအရာရာ တပ်မတော် နဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ ကြည်း၊ ရေ၊ လေနဲ့ပတ်သက်တဲ့ ဆောင်ရွက်မှုတွေအကုန်လုံးကို လေ့လာခွင့်ပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
ကျွန်တော်ဒီမှာ ဘာတွေလေ့လာခဲ့ရတာလဲဆိုတော့ ဒီစစ်သမိုင်းပြတိုက်မှာပေါ့နော် စစရောက်ချင်း ဂိတ်ပေါက်ကဝင်တာနဲ့ဆိုရင် လေတပ်မှာရှိတဲ့ ပြင်ပပြကွက်မှာပြသထားတဲ့ သင်္ဘောကြီး အမြောက်တွေ အစရှိသဖြင့် နောက်ပြီးတော့ ဆက်သွားတဲ့နေရာမှာလည်း  ကြည်းတပ်၊ ရေတပ်၊ လေတပ်ရဲ့  သမိုင်းကြောင်းတွေ ယာဉ်ယန္တရားတွေ စစ်လက်နက် ပစ္စည်းတွေလည်း အများကြီးတွေ့ခဲ့ရပြီးတော့ သူတို့ရဲ့အကြောင်းကိုလည်း အသေးစိတ်လေ့လာ ခဲ့ရပါတယ်ဗျ။ နောက်ပြီးတော့ ဒီလိုမျိုး စစ်သမိုင်းပြတိုက်မှာ သမိုင်းအကြောင်းတွေ ပြီးရင် စစ်ပစ္စည်းအကြောင်းတွေ အစရှိသဖြင့် အသေးစိတ်ရှင်းပြသွားတဲ့ စစ်သမိုင်းပြတိုက်မှာ တာဝန်ထမ်းဆောင်တဲ့ အရာရှိကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်ဗျ။