အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော်(ကြည်း၊ရေ၊လေ)မှ အရာရှိ၊စစ်သည်များပါဝင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁

Thursday, October 1, 2026 - 18:45

 

အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော်(ကြည်း၊ရေ၊လေ)မှ အရာရှိ၊စစ်သည်များပါဝင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

 

နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁

 

         မြန်မာ-အိန္ဒိယ တပ်မတော်နှစ်ရပ်အကြား အပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာစေရန်နှင့် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ အပြန်အလှန် ဖလှယ်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် အိန္ဒိယတပ်မတော်(ကြည်း၊ရေ၊လေ)မှ အရာရှိ၊ စစ်သည်များ ပါဝင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိကြရာ လေဆိပ်တွင် မြန်မာ့တပ်မတော်မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ အိန္ဒိယတပ်မတော်မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာ နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိ စေတီတော်အပါအဝင် တန်ခိုးကြီး ဘုရား၊ ပုထိုး၊ စေတီတော်များအား သွားရောက်ဖူးမြော်ကြည်ညိုခြင်း၊ သူရဲကောင်းဗိမာန်(နေပြည်တော်)၊ တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)၊ အမျိုးသား ပြတိုက်စသည့် အထင်ကရနေရာများအား သွားရောက် လေ့လာလည်ပတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အိန္ဒိယတပ်မတော်မှ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာ ၃၀ ရက်ညပိုင်းတွင် မြန်မာ့တပ်မတော်မှ တာဝန်ရှိသူများက ညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အဆိုပါ အိန္ဒိယတပ်မတော်မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်လေဆိပ်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ လေဆိပ်တွင် မြန်မာ့တပ်မတော်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ စစ်သံမှူး Colonel Arjun N Singh (အာဂျွန် အန် ဆင်းဟ်) တို့က ပို့ဆောင်နှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။