တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုကြောင့် ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ပြီဖြစ် နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁ ရက်

Thursday, October 1, 2026 - 18:45

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုကြောင့် ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ပြီဖြစ်

 

နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁ ရက်

 

         မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ် (Land Depression)၏အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ ၂၆ ရက် ညနေပိုင်းမှစ၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုဖြစ်ပေါ်၍ မြို့နယ် အချို့တွင် မြစ်ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သည်။ ထို့ကြောင့် တနင်္သာရီမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက် များနှင့် ကျေးရွာအချို့အတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သည့်အပြင်  မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နေရာအချို့တွင်လည်း ရေကျော်ခြင်းများဖြစ်ပွားလျက်ရှိသည်။ ထိုသို့ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့အပါအဝင် မြို့နယ် ၅ မြို့နယ်တို့ရှိ အခြေခံပညာကျောင်း ၅၆ ကျောင်းအား စက်တင်ဘာလ ၂၈ ရက်မှစ၍ ယာယီပိတ်ထားခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ ရေကြီးရေလျှံမှုအခြေအနေများကြောင့် ယာယီပိတ်ထားသည့် အခြေခံ ပညာကျောင်းများမှာ ရေဖြူမြို့နယ်အတွင်း အခြေခံပညာမူလတန်းကျောင်း(၃) ကျောင်း၊ ထားဝယ်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်း၊ မူလတန်းနှင့်မူလတန်းလွန်ကျောင်း (၁၂)ကျောင်း၊ လောင်းလုံးမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်း ကျောင်း(ခွဲ)(၆)ကျောင်း၊ အလယ်တန်းကျောင်း(၂)ကျောင်း၊ မူလတန်းနှင့်မူလတန်းလွန် ကျောင်း (၁၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်း၊ ကိုယ်ပိုင် ကျောင်း(၁)ကျောင်း၊ သရက်ချောင်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်း ကျောင်းနှင့်အထက်တန်းကျောင်း(ခွဲ) (၁)ကျောင်း၊ မူလတန်းနှင့်မူလတန်းလွန်ကျောင်း ၉ ကျောင်းနှင့် ပုလောမြို့နယ်အတွင်း အခြေခံပညာမူလတန်းလွန်ကျောင်း ၁ ကျောင်း စုစုပေါင်း မြို့နယ် ၅ ခုမှ အခြေခံပညာကျောင်း ၅၆ ကျောင်းတို့ ဖြစ်ကြောင်း သိရှိရ သည်။ 

ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ပြီးနောက် ရေပြန်လည်ကျဆင်းသွားသည့် နေရာ များရှိ စာသင်ကျောင်းများတွင် ကျောင်းများအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ကျောင်းအတွင်း/ အပြင်၌ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့စဉ် တင်ကျန်ခဲ့သည့် နုန်းမြေများ ဖယ်ရှားခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ စာသင်ခုံများ ပြုပြင်ခြင်း၊ စာသင်ခန်းအတွင်း/အပြင်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို အင်တိုက် အားတိုက် ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ယာယီပိတ်ထားခဲ့ရသည့်ကျောင်းများအနက် စက်တင်ဘာလ ၃၀ ရက်တွင် အခြေခံပညာကျောင်း ၁၄ ကျောင်း၊ ယနေ့တွင် အခြေခံ ပညာကျောင်း ၄၁ ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်း ၅၅ ကျောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိကြောင်းနှင့် ကျန်ရှိသည့် ပုလောမြို့နယ်မှ အခြေခံပညာ မူလတန်းလွန်ကျောင်း(ပလောက်နောက်)ကိုလည်း အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင် ရေးအတွက် ရေပြန်လည်ကျဆင်းချိန်တွင် သန့်ရှင်းရေးနှင့် ပြုပြင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။