ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)ဝင်ရောက်ခဲ့သည့် လမ်းကြောင်းနှင့် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့သည့်နေရာဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက်ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၃၀
တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ သဘာဝ ဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန အလိုက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ စီမံချက်များရေးဆွဲကာ ကူညီ ကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိ၍ သဘာဝဘေး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေး လျက်ရှိသည်။
ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းဒေသတို့တွင် စက်တင်ဘာလ ၂၇ ရက်နေ့၌ စတင်ဖြစ်ပေါ်ခဲ့သည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ရောက်ရှိခဲ့သည်။
အဆိုပါမုန်တိုင်းငယ်သည် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာ ၂၈ ရက်တွင် တိုင်းထွာချက်အရ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ကျိုက်ထို မြို့၏ တောင်ဘက်မှ စတင်ဖြတ်သန်းဝင်ရောက်ခဲ့ရာ ဖြူးမြို့၊ ရေတာရှည်မြို့၊ ရေနံချောင်းမြို့နှင့် ကျောက်ပန်းတောင်းမြို့အကြား၊ ညောင်ဦးမြို့ အနောက်ဘက် တို့မှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ ယနေ့ မြန်မာစံတော်ချိန် ၁၇ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ၊ မတူပီမြို့ အနီးမှ ဖြတ်ကျော်ကာ ချင်းပြည်နယ် နှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ကို ဆက်လက်ဖြတ်ကျော်ကာ အားကောင်းသော လေဖိအားနည်း ရပ်ဝန်း (Well Marked Low Pressure Area)သည် မြောက်- အနောက်မြောက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တို့တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ် အားလျော့သွားခဲ့သည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် မြောက်- အနောက်မြောက်သို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းကြောင်းနှင့် မြန်မာနိုင်ငံ မှ ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည့်အတွက် အစိမ်းရောင်အဆင့်ဟုသတ်မှတ်ပါကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားရှိသည်။
အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) ဖြတ်သန်း ဝင်ရောက်ခဲ့သည့် လမ်းကြောင်းတစ်လျှောက်ရှိဒေသများနှင့် မုန်တိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့ရွာများဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ လောင်းလုံးမြို့၊ သရက်ချောင်းမြို့၊ ပလောက်မြို့၊ တနင်္သာရီမြို့၊ ဘုတ်ပြင်းမြို့၊ ခမောက်ကြီးမြို့၊ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ အိုမတွေ့ကျေးရွာ၊ အမရပူရမြို့နယ်၊ ဥယျဉ်တော်ကျေးရွာအုပ်စု၊ တို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ လေပြင်း တိုက်ခတ်ခြင်းများဖြစ်ပေါ်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ နေအိမ်များ အတွင်း ရေဝင်ရောက်မှုများ၊ ရေတိုက်စားမှုကြောင့် မြေပြိုခြင်းများ၊ လမ်းပျက်စီး မှုများဖြစ်ပေါ်ခြင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများ ပြိုလဲခြင်း၊ လူနေအိမ်များ ထိခိုက်ပျက်စီးခြင်းအစရှိသည့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။
ထိုသို့ ရေကြီးရေလျှံမှုများကြောင့် ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် ဒေသများ ရှိ ရေဘေးသင့်ပြည်သူများအား သက်ဆိုင်ရာဒေသများရှိ နယ်မြေခံတပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ ပူးပေါင်း၍ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၊ နီးစပ်ရာဆွေမျိုး များ၏ နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ၊ ရေကျော်ဝင် ရောက်မှုဖြစ်ပေါ်လျက်ရှိသော ကားလမ်းမကြီး များတွင်မော်တော်ယာဉ်များသွားလာနိုင်ရေးအတွက် လမ်းကြောင်းပြ အမှတ်အသား များဆောင်ရွက်ပေးခြင်း၊ မြေပြိုမှုဖြစ်ပေါ်သည့်နေရာများတွင် လူအင်အား၊ စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းခြင်း၊ အများပြည်သူများ ပုံမှန်အတိုင်းသွားလာ အသုံးပြုနိုင်ရေးအတွက် သစ်ပင်သစ်ကိုင်း များရှင်းလင်းပေးခြင်း၊ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ရေပြန်လည်ကျဆင်းချိန်၌ တင်ကျန်ရစ်သော သစ်ပင်သစ်ကိုင်းများ၊ အမှိုက်များ၊ နုန်းမြေများ ဖယ်ရှား ရှင်းလင်းပေးခြင်း အစရှိသည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတို့ကို အင်တိုက်အားတိုက်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ သည့် မြို့ရွာများဖြစ်သည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်းဘွဲ့မြို့၊ ဘီးလင်းမြို့၊ မုဒုံမြို့၊ သံဖြူဇရပ်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့၊ လှည်းကူးမြို့၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရေတာရှည်မြို့၊ ပဲခူးမြို့တို့ရှိ ရပ်ကွက်၊ ကျေးရွာ များအတွင်း ရေကျော်ဝင်ရောက်ခြင်း၊ ရေဝပ်ဧရိယာများဖြစ်ပေါ်ခြင်းတို့ မရှိစေ ရန်အတွက် ရေနုတ်မြောင်းများအတွင်း အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းခြင်း၊ နုန်းမြေများ ဆယ်ယူခြင်း၊ ရေစီးရေလာကောင်းစေရေး ဆောင်ရွက်ခြင်းတို့ကို နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်း၍ လူအင်အား၊ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ခြင်းနှင့် စုဖွဲ့ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြင့်သဘာဝဘေးအန္တရာယ်ကျရောက်မှုအား ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သဘာဝဘေးကျရောက်ချိန်တွင်လည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိသည်။
























