အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့နိုင်ရန်ရည်ရွယ်၍ တရားခံပြေး သင်းသင်းနွယ်နှင့်အတူ တရားမဝင်အလှကုန်ပစ္စည်းများနှင့် ကျောက်မျက်ရတနာပစ္စည်းများရောင်းချရာတွင် ကူညီဆောင်ရွက်ပေးသူများအား ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၃၀

Thursday, October 1, 2026 - 10:45

အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့နိုင်ရန်ရည်ရွယ်၍ တရားခံပြေး သင်းသင်းနွယ်နှင့်အတူ တရားမဝင်အလှကုန်ပစ္စည်းများနှင့် ကျောက်မျက်ရတနာပစ္စည်းများရောင်းချရာတွင် ကူညီဆောင်ရွက်ပေးသူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၃၀

               နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသော်လည်း NUG ၊ PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံ့ဝန်ထမ်း များအပါအဝင် အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦများနှင့် လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်လျက်ရှိရာ အချို့အကြမ်းဖက်အားပေးအဖွဲ့များနှင့် ပြည်ပြေး များအနေဖြင့် လူမှုကွန်ရက်မှတစ်ဆင့် တရားမဝင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်၍ ဝင်ငွေရှာဖွေကာ အကြမ်းဖက်အဖွဲ့များ သက်ဆိုးရှည်စေရေးအတွက် အားပေးကူညီ ထောက်ပံ့ပေးလျက်ရှိကြောင်း တွေ့ရှိရသည်။

               နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် ဆူပူအုံကြွမှုများဖြစ်ပေါ်စေရန် လူမှုကွန်ရက်မှတစ်ဆင့် Post တင်ရေးသားခဲ့ခြင်းတို့ကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခံခဲ့ရပြီး ပြည်ပသို့ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် တရားခံပြေး သင်းသင်းနွယ်သည် လူမှုကွန်ရက်အသုံးပြု၍ ရွှေနဒီ & Inca Pure အမှတ်တံဆိပ် အလှကုန်ပစ္စည်းများနှင့် Shwe Nadi Jewelry  အမှတ်တံဆိပ် ကျောက်မျက်ရတနာများရောင်းချ၍ NUG အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များအား အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်နိုင်ရန် ထောက်ပံ့ပေးလျက်ရှိကြောင်း နှင့် ထိုသို့ တရားမဝင်ကုန်ပစ္စည်းများရောင်းချနိုင်ရန် ပြည်တွင်း၌ နေထိုင်သူအချို့မှ ဝယ်ယူရောင်းချ ခြင်းလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ ချက်များအရ သိရှိရသည်။

               အဆိုပါ တရားခံပြေး သင်းသင်းနွယ်၏ တရားမဝင်အလှကုန်ပစ္စည်းများနှင့် တရားမဝင် ရတနာပစ္စည်းများရောင်းချရာတွင် ကူညီဆောင်ရွက်ပေးသူများအား ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၂၁ ရက်တွင် တရားမဝင်အလှကုန်ပစ္စည်းများရောင်းချနိုင်ရန် ကူညီဆောင်ရွက်ပေးသူ လင်းမင်းအောင် အား ပြည်မြို့ရှိ ၎င်း၏နေအိမ်၌လည်းကောင်း၊ စက်တင်ဘာလ ၂၄ ရက်တွင် တရား မဝင် ကျောက်မျက်ရတနာများရောင်းချနိုင်ရန် ကူညီဆောင်ရွက်ပေးသူ နေလင်းဦးနှင့် တရားခံပြေး သင်းသင်းနွယ်၏ ညီမဖြစ်သူ ဆိုဖီသင်း တို့ ၂ ဦးအား သင်္ဃန်းကျွန်းမြို့နယ်ရှိ ၎င်းတို့၏နေအိမ်၌ လည်းကောင်း၊ တရားမဝင် ငွေကြေးလွှဲပြောင်းရာတွင် ကူညီဆောင်ရွက်ပေးသူ အိအိသူ အား ဒေါပုံ မြို့နယ်ရှိ ၎င်း၏နေအိမ်၌လည်းကောင်း၊ စုစုပေါင်း တရားခံ ၄ ဦးအား ဖမ်းဆီးရမိခဲ့သည်။

                  ဖမ်းဆီးရမိတရားခံများအား စိစစ်ဖော်ထုတ်ချက်များအရ လင်းမင်းအောင်၊ နေလင်းဦးနှင့် ဆိုဖီသင်း တို့သည် ရွှေနဒီ & Inca Pure အလှကုန်နှင့် တရားမဝင် ကျောက်မျက်ရတနာရောင်းချ ခြင်းလုပ်ငန်းအား တရားခံပြေး သင်းသင်းနွယ်နှင့် အကျိုးတူပူးပေါင်း၍ လူမှုကွန်ရက်မှတစ်ဆင့် လုပ်ကိုင်လျက်ရှိကြောင်း၊ ထို့ပြင် အိအိသူ သည် အဆိုပါ ကျောက်မျက်ရတနာရောင်းချခြင်းလုပ်ငန်း တွင် ၎င်း၏အမည်ဖြင့် ဖွင့်လှစ်ထားသည့် Mobile Payments အကောင့်များဖြင့် အခကြေးငွေရယူ၍ ငွေလွှဲလက်ခံရယူခြင်းနှင့် အခြားအကောင့်များသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများ ပြုလုပ်နိုင်ရန် ကြားခံအဖြစ် တရားခံပြေး သင်းသင်းနွယ်အား ကူညီဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသဖြင့် ၎င်းတို့ ၄ ဦး အား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

               မိဘပြည်သူများအနေဖြင့် အကြမ်းဖက်အဖွဲ့များအား အားပေးကူညီထောက်ပံ့ရန် ရည်ရွယ်၍ တရားမဝင်စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသူများ၊ ဝယ်ယူအားပေးသူများ၊ ထိုသို့ ဆောင်ရွက် နိုင်ရန် နည်းလမ်းတစ်ခုခုဖြင့် ကူညီဆောင်ရွက်ပေးသူများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့များအား ‌ကူညီ ထောက်ပံ့မှုများပြုလုပ်နိုင်ရန်ရည်ရွယ်၍ လူမှုကွန်ရက်မှတစ်ဆင့် တရားမဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသူများနှင့် ကူညီဆောင်ရွက်ပေးသူများအား ဆက်လက်ဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။