တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ စက်တင်ဘာ-၂၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် ယနေ့မွန်းလွဲ ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သန်လျင်တပ်နယ်ခန်းမ၌တွေ့ဆုံ၍ အမှာစကားပြောကြား သည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်နယ် များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် သန်လျင် နှင့်ဒလတပ်နယ်သည် ရန်ကုန်မြို့တော်၏ပင်လယ်ထွက်ပေါက်ဖြစ်ပြီး ပထဝီအနေ အထားအရ အရေးပါသော နယ်မြေများဖြစ်ကြောင်း၊ အလားတူ ပဲခူးတိုင်းဒေသကြီးနှင့် ဆက်စပ်လျက်ရှိပြီး ရန်ကုန်မြို့လယ်ဧရိယာ၏ တစ်ဖက်ကမ်းတွင်ရှိ၍ လုံခြုံရေးအရ လည်း အရေးကြီးသော နယ်မြေများဖြစ်ကြောင်း၊ တပ်မတော်(ရေ)အနေဖြင့် မြန်မာ့ ပင်လယ်ပြင် ရေပိုင်နက်အား ကာကွယ်နိုင်ရန်အတွက် အင်အားတောင့်တင်းခိုင်မာနေရန် လိုအပ်ကြောင်း၊ တပ်မတော်အကြီးအကဲ အဆက်ဆက်တွင် တပ်မတော်(ရေ)အား အင်အား တောင့်တင့်ခိုင်မာစေရန် အမြော်အမြင်ရှိစွာဖြင့် တည်ဆောက်ခဲ့သဖြင့် ပတ်ဝန်း ကျင် နိုင်ငံများ၏ လေးစားစောင့်ကြည့်နေသည်အထိ တောင့်တင်းလာခဲ့ကြောင်း၊ နိုင်ငံတော်၏ ရေပိုင်နက်အတွင်း တရားမဝင်ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါးရောင်း ဝယ်သယ်ဆောင် မှုများနှင့်ပတ်သက်၍ တားဆီးနှိမ်နင်းနိုင်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သစ္စာရှိစွာဆောင်ရွက် သွားကြရန်လိုကြောင်း၊ တပ်မတော်(ရေ) သည် အရည်အသွေး ကောင်းမွန်သော အစဉ်အလာကောင်းများရှိပြီးဖြစ်၍ ဆက်လက် ထိန်းသိမ်းသွားကြရန်လိုကြောင်း၊ တပ်မတော်(ရေ)အနေဖြင့် စစ်ဆင်ရေးတာဝန်များတွင် ခြေလျင်တပ်များ နှင့်အတူ ပူးပေါင်းဆင်နွှဲ၍ စွမ်းစွမ်းတမံဆောင်ရွက်နေမှုများကိုလည်း အသိအမှတ်ပြုပါကြောင်း။
မိမိတို့ တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုများနှင့်အတူ မွေးဖွားလာခဲ့ သည့် တပ်မတော်ဖြစ်ပြီး တိုင်းပြည်၏ ခက်ခဲနက်နဲသော သမိုင်းအကွေ့အကောက် တိုင်းတွင် နိုင်ငံတော်နှင့် ပြည်သူကို အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့် ရှေ့တန်းကနေ မားမားမတ်မတ် ကာကွယ်စောင့်ရှောက်ခဲ့သည့် သမိုင်းကြောင်းများရှိကြောင်း၊ ထို့ ကြောင့် မိမိတို့အားလုံး သည် အမျိုးသားရေး မူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို အစဉ်အမြဲ ဦးထိပ်ပန်ဆင်ပြီး သစ္စာရှိစွာ တာဝန်ထမ်းဆောင်ကြရမည် ဖြစ်ကြောင်း။
တပ်မတော်သည် အခြားသောဌာနဆိုင်ရာများနှင့် ဖွဲ့စည်းမှုအရ၊ လုပ်ငန်း တာဝန်အရ ခြားနားသော သဘောသဘာဝရှိကြောင်း၊ တပ်တွင်းတွင် မိသားစုနှင့်အတူ နေထိုင်၍ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြရသည့်အတွက် တပ်မှူးနှင့်ဇနီး တို့၏ မိဘသဖွယ် မျှတသောအုပ်ချုပ်မှုသည် အရေးကြီးကြောင်း၊ တပ်မှူးနှင့် တာဝန်ရှိသူများသည် တော်တည့်မှန်ကန်စွာအုပ်ချုပ်နေရန် လိုအပ်သကဲ့သို့ ကွပ်ကဲမှု အောက်တွင် ရှိသော အရာရှိ၊ စစ်သည်များကလည်း နောက်လိုက်ကောင်းများအဖြစ် အမိန့်နာခံ၍ စည်းကမ်းကောင်းမွန်နေရန် လိုကြောင်း၊ မြို့ပြတွင်နေထိုင်သူများဖြစ်၍ ကောင်းမွန် သောအခွင့်အလမ်းများကို မှန်မှန်ကန်ကန် အသုံးချရန်လိုအပ်ပြီး တပ်မတော်၏မူဝါဒနှင့် စည်းကမ်းများကို သိရှိပြီး လိုက်နာစောင့်ထိန်းကြရန်လိုကြောင်း။
တပ်မတော်တွင် သစ္စာဖောက်မှု၊ စစ်ဆင်ရေးမှု၊ မူးယစ်ဆေးဝါးမှုများနှင့် ပတ်သက်၍ လုံးဝခွင့်လွှတ်၍မရသည့် အမှုကိစ္စများဖြစ်ကြောင်း၊ သစ္စာဖောက်မှု ဆိုရာတွင် နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာဖောက်ခြင်းအပြင် မိသားစုအပေါ် သစ္စာဖောက်ခြင်းလည်းပါဝင်၍ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း။
တပ်မတော်၏ ကောင်းမွန်သည့်အစဉ်အလာကောင်းများကို ဆက်လက်ထိန်း သိမ်းကာကွယ်ရန်မှာ တပ်မတော်သားအားလုံးတွင် တာဝန်ရှိကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန် အဓိကတာဝန်ရှိပြီး ထိုသို့တာဝန်ထမ်းဆောင်နိုင်ရေးအတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ ပြည့်ဝ ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် စွမ်းရည်သုံးရပ်နှင့်ပြည့်စုံနေရန်လိုအပ်ပြီး စွမ်းရည်ရှိရန် ကျန်းမာကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုနှင့် ရဲစွမ်းသတ္တိများရှိအောင် လေ့ကျင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြောင်းလဲလာသည့် စစ်အတတ်ပညာနှင့် စစ်လက်နက် ပစ္စည်းများကို အမြဲလေ့လာနေရမည်ဖြစ်ပြီး စစ်မြေပြင်တွင် လက်တွေ့ အသုံးချနိုင်ရန် လိုကြောင်းနှင့် ပြည်သူမှယုံကြည်အားကိုးရသည့် စွမ်းရည်ပြည့်ဝသော တပ်များဖြစ် အောင် အမြဲကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
တပ်မတော်အနေဖြင့် တပ်မတော်သား မိသားစုဝင်များ၏ သားသမီးများသာမက တပ်မတော်သားများ၏ ပညာရည်မြင့်မားစေရေးအတွက်လည်း ဆောင်ရွက်ပေး လျက်ရှိပြီး ပညာရည်မြင့်မားစေရေးအတွက် လိုအပ်သည်များ စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မိဘများအနေဖြင့် လည်း စစ်သည်များ၊ ကလေးငယ်များ၏ ပညာရည်မြင့်မားရေးကို အလေးပေးဆောင် ရွက်ကြရန်နှင့် တာဝန်ရှိသူများအနေဖြင့် အခွင့်အလမ်းများရရှိအောင် စီမံဆောင်ရွက် ပေးကြရန်လိုကြောင်း။
တစ်ဦးချင်းစီ၏ အရည်အသွေးတိုးတက်စေရေးအတွက် စာပေဖတ်မှတ် လေ့လာသွားရန် မဖြစ်မနေလိုအပ်မည်ဖြစ်သဖြင့် အရာရှိ၊ စစ်သည်များအနေဖြင့် မိမိကိုယ်ကိုအကျိုးဖြစ်စေနိုင်မည့် စာပေဗဟု သုတလေ့လာခြင်းများကို ဆောင်ရွက်ကြ ရန်လိုကြောင်း၊ စာပေဖတ်ရှုခြင်း၊ အကြောင်းအရာများကိုမှတ်သားခြင်း၊ လက်တွေ့ ကြုံတွေ့လာရသည့်အခြေအနေတွင် ၎င်း အကြောင်းအရာကို အကျိုးရှိရှိ အသုံးချခြင်း တို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး မိမိတို့ သိရှိထားသည့် အကြောင်းအရာများကို အခြားသူများကို မျှဝေပေးခြင်းသည်လည်း ကောင်းမွန်သည့် အမူအကျင့်ကောင်း တစ်ခုပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စာပေဖတ်မှတ်လေ့လာခြင်းကို အမြဲမပြတ်ဆောင် ရွက်သွား ကြရန်လိုကြောင်း။
ခေါင်းဆောင်မှုနှင့်ပတ်သက်ပါက တပ်မှူးအသီးသီးသည် မှန်ကန်သည့် ဦးဆောင်မှုနှင့်လုပ်ဆောင်ပါက လက်အောက်ငယ်သားများက တပ်မှူးအပေါ် ယုံကြည် မှုရှိလာမည်ဖြစ်ကြောင်း၊ တပ်ရင်း/တပ်ဖွဲ့မှူးများ ခေါင်းဆောင်မှုကောင်းမွန်ပါက လက်အောက်စစ်သည်၊ မိသားစုဝင်များက ယုံကြည်မှုရှိ၍ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်ရင်း/တပ်ဖွဲ့များရှိ တာဝန်ရှိသူ များအနေဖြင့် လက်အောက်၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန်လိုသဖြင့် ၎င်းတို့နှင့် ထိတွေ့မှုများစွာရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ ထိတွေ့မှုများပြုလုပ်ခြင်းသည် စစ်သည်များစိတ်ဓာတ် မြင့်မားရေးနှင့် တပ်အင်အားတောင့်တင်းခိုင်မာရေးအတွက် လုပ်ဆောင်ရမည့်အချက်ပင် ဖြစ်ကြောင်း၊ ခေါင်းဆောင်သည် လက်အောက်ငယ်သား အပေါ် ကျောသား၊ ရင်သား မခွဲခြားပဲ အမိအဖစိတ်ထားဖြင့် အုပ်ချုပ်ကွပ်ကဲရန်လို ကြောင်း၊ သို့မှသာမိမိတို့တပ်မတော်၏ အရည်အသွေးတိုးတက်လာမည်ဖြစ်ကြောင်း။
ရေကြောင်းလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများကိုလည်း အမျိုးသားလုံခြုံရေး ပြဿနာအဖြစ် ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်မည့် ရေကြောင်းလုံခြုံရေးကဏ္ဍအပါအဝင် ခြိမ်းခြောက်မှုများနှင့်ပဋိပက္ခများအပေါ် ကြိုတင် တွက်ဆပြီးမဟာဗျူဟာပန်းတိုင်များချမှတ်ကာ ဒေသတွင်းရေတပ်များနှင့် ရင်ပေါင်တန်း နိုင်သော ရေတပ်ဖွဲ့တစ်ခုအဖြစ် အစဉ်မျှော်မှန်း တည်ဆောက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့၏ သီးသန့်စီးပွားရေးဇုန်အတွင်းရှိ အချုပ်အခြာအာဏာနှင့် ရေပြင်ပိုင်နက်ကို အကြွင်းမဲ့ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်းကုန်သွယ်မှု လုံခြုံချောမွေ့စေရေး အတွက် ပင်လယ်ရေကြောင်းလုံခြုံရေးတာဝန်များကို ထိရောက်စွာထမ်းဆောင်ရန်၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးနှင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကမ်းလွန်ပင်လယ်ပြင်အထိ အကာအကွယ်ပေးရန် တို့ကိုမျှော်မှန်း၍ ပြင်ဆင်လေ့ကျင့် နေရန်လိုကြောင်း၊ တပ်မတော်(ရေ)မှ ရဲဘော်ရဲဘက်အားလုံးအနေဖြင့် စွမ်းရည်များ ပြည့်ဝကာ နိုင်ငံတော်နှင့်ပြည်သူကအားကိုးရသည့် ခေတ်မီတပ်မတော်(ရေ)အဖြစ် အစဉ်အမြဲကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။
ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး တို့သည် ရေတပ်လေ့ကျင့်ရေးဌာနချုပ်၌ ကံ့ကော်ပင်ကို အမှတ်တရစိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။


