အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံတွင် အတွဲ(၁၀၀)ပြည့် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု အောင်မြင် နေပြည်တော်၊ စက်တင်ဘာ ၂၆

Sunday, September 27, 2026 - 10:00

အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံတွင် အတွဲ(၁၀၀)ပြည့် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု အောင်မြင်

နေပြည်တော်၊ စက်တင်ဘာ ၂၆

         တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် နိုင်ငံ့အကျိုး ပြုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ကူညီထမ်းဆောင်လျက်ရှိရာ ပြည်သူ့ အကျိုးပြုလုပ်ငန်းတာဝန်များအနက် ပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုအပ်သောနေရာများ တွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

         ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ တပ်မတော်သားများနှင့် မိသားစုဝင်များ အပြင် ဒေသခံပြည်သူများကိုပါ တပ်မတော်ဆေးတပ်ဖွဲ့မှ ဆေးကုသရေးအဖွဲ့ ပါရဂူကြီးများက စိတ်ရင်းစေတနာပြည့်ဝစွာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ အကြိမ်(၄၀)မြောက် နှင့် အတွဲ (၁၀၀)ပြည့် ကျောက်ကပ်အစားထိုးခွဲစိတ် ကုသမှုကို စက်တင်ဘာ ၂၅ ရက်နှင့် ၂၆ ရက် တို့တွင် အောင်မြင်စွာ ခွဲစိတ်ကုသ ပေးနိုင်ခဲ့သည်။ ခွဲစိတ်ကုသမှုအောင်မြင်ပြီး လူနာနှင့် ကျောက်ကပ် အလှူရှင် များ၏ ခွဲစိတ်ပြီး ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန် လျက်ရှိပြီး လိုအပ်သည့် ဆေးဝါးကုသပြုစုမှုများကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ကုသ ပေးလျက်ရှိ ကြောင်းသိရသည်။

         ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများအား နေပြည်တော်၊ ရန်ကုန်၊ ပြင်ဦးလွင်၊ အောင်ပန်းမြို့တို့ရှိ တပ်မတော်ဆေးရုံများတွင် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ပြည်သူများအား ခွဲစိတ်ကုသပေးခြင်း ဆောင်ရွက်လျက်ရှိရာ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံတွင် ကျောက်ကပ်ဝေဒနာရှင်များအတွက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်၌ ပထမအကြိမ် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခု လူနာ(၄)တွဲအပါအဝင် အတွဲ(၁၀၀)ပြည့် အောင်မြင်စွာခွဲစိတ်ကုသ ပေးနိုင် ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။