တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကားပြောကြား

Friday, September 25, 2026 - 09:45

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ-၂၅

         တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် ယနေ့မွန်းလွဲပိုင်း တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

         အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

             တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မ တော်သားဘဝသည် နေရာတစ်နေရာတည်းတွင် အမြဲတမ်းတာဝန် ထမ်းဆောင်ရမည် ဟုမှတ်ယူ၍မရဘဲ စေလွှတ်သည့်နေရာ၊ ပေးအပ်သည့်တာဝန်ကို ထမ်းဆောင်နိုင်ရန် အမြဲအသင့်ဖြစ်နေရန်လိုကြောင်း၊ မည်သည့်တပ်ဖွဲ့မဆို ခြေလျင်တပ်ဖွဲ့ကဲ့သို့ တိုက်ပွဲ ဝင်နိုင်ရန် လေ့ကျင့်တည်ဆောက်နေရန်လိုကြောင်း၊ ပြည်သူလူထုက တပ်မတော် အပေါ်ယုံကြည်မှု၊ ချစ်ခင်မှုရှိအောင် ကျင့်ဝတ်များနှင့်အညီ ထိတွေ့ဆက်ဆံနေရန်လို ကြောင်း၊ လက်ရှိအခြေအနေတွင် မြို့ကြီးများအား တည်ငြိမ်အေးချမ်းသော အခြေ အနေဖြစ်အောင် တည်ဆောက်ထားပြီးဖြစ်၍ ၎င်းအခြေအနေကို ဆက်လက်ထိန်းသိမ်း သွားရန်လိုကြောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် မြို့ပြ တွင်အခြေပြုနေထိုင်သော တပ်များဖြစ်၍ ပညာရေး၊ ကျန်းမာရေးစသည့် အားသာချက် များစွာရှိသော်လည်း မိမိကိုယ်ကိုထိန်းသိမ်းနိုင်ရန် လိုကြောင်း၊ ပိုင်ဆိုင်ထားသည့် လူမှုဘဝအခွင့်အလမ်းများကိုလည်း အကျိုးရှိရှိအသုံးချတတ်ရန်လိုအပ်ကြောင်း။

      တပ်မတော်သားကောင်းတစ်ယောက်ဖြစ်ရန် အမိန်နာခံမှုသည် အရေးကြီးကြောင်း၊ အမိန့်နာခံတတ်မှုနှင့် စစ်စည်းကမ်း ကောင်းမွန်စေမှုအတွက်ရည်ရွယ်ပြီး စစ်ရေးပြကို သင်ကြားပေးခြင်းဖြစ်ကြောင်း၊ စစ်သားကောင်းဖြစ်မှ တပ်ကောင်းမည်ဖြစ်သောကြောင့် စစ်သားကောင်းဖြစ်ခြင်းသည် စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှုနှစ်ခုကို ပေါင်းစပ်ထားခြင်းကြောင့်အရာရှိ/ စစ်သည်များကို စစ်သားကောင်းများဖြစ်လာစေ ရေး အမြဲလေ့ကျင့်ပေးသွားရန်လိုကြောင်း၊ လေ့ကျင့်သားပြည့်ဝမှုနှင့် ပတ်သက်၍ တပ်ဖွဲ့အလိုက် တပ်ဆင်ပေးထားသည့် လက်နက်ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်တတ်ရန်လိုကြောင်း၊ ထို့အပြင် ကျန်းမာကြံ့ခိုင်အောင်၊ ကျွမ်းကျင်အောင်နှင့် ရဲစွမ်းသတ္တိရှိအောင်လေ့ကျင့်ပေးသွားရန်လိုကြောင်း၊ ဒုတိယတပ်မှူးများသည် တပ်မှူး များ၏ မူဝါဒကို အကောင်အထည်ဖော်ရန်နှင့် တပ်မှူးများအတွက် အထောက်အပံ့ ကောင်းပေးနိုင်ရန်လိုအပ်ပြီး တပ်၏လေ့ကျင့်ရေးနှင့် စည်းကမ်းပိုင်းဆိုင်ရာများကို တာဝန်ယူကြပ်မတ်နေရန်လိုကြောင်း။

တပ်မတော်တွင် အုပ်ချုပ်ရေးစွမ်းရည်သည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍ တွင်ရှိပြီး အုပ်ချုပ်မှုအားနည်းလျှင် စစ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်ပါ ထိခိုက် နိုင်သဖြင့် စွမ်းရည်သုံးရပ်တွင် အုပ်ချုပ်မှုစွမ်းရည်သည် အလွန်အရေးကြီးကြောင်း၊ အုပ်ချုပ်ရေးစွမ်းရည်တွင် စားရေး၊ နေရေး၊ သွားလာနေထိုင်ရေး၊ စစ်စည်းကမ်းထိန်း သိမ်းရေးအပါအဝင် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစား ဆောင်ရွက်သွားရန်လိုပြီး တာဝန်ရှိ သူများအနေဖြင့်လည်း ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ အုပ်ချုပ်ရေးပိုင်းတွင် တပ်မှူးကောင်းစိတ်ဓာတ်၊ ဖခင်သဖွယ်စိတ်ဓာတ်၊ ကိုယ်ချင်းစာတရားများရှိနေရန် လိုပြီး အုပ်ချုပ်မှုညီညွတ်မျှတမှုမရှိခြင်းသည် တပ်တွင်းစည်းလုံးညီညွတ်မှုကို အားနည်းစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိကိုယ်ကိုနှင့် လက်အောက်ကို အလို မလိုက်ရန်လိုကြောင်း၊ မိမိကိုယ်မိမိ အလိုလိုက်ပါက ပျက်စီးနိုင်ပြီး လက်အောက်ကို အလိုလိုက်လျှင်အမှုအခင်းများ၊ ပြဿနာများနှင့် ရှုပ်ထွေးလာနိုင်မည် ဖြစ်ကြောင်း။

ပြည်သူလူထုဆက်ဆံရေးတွင်သာမက မိမိလက်အောက်ငယ်သားနှင့် ဆက်ဆံရာ တွင်လည်းစေတနာထားပြီးဆက်ဆံရန်လိုကြောင်း၊ စေတနာဆိုသည်မှာ ဖြစ်သင့်ဖြစ် ထိုက်သည်ကိုဖြစ်ရန်၊ မဖြစ်သင့် မဖြစ်ထိုက်သည်ကိုမဖြစ်ရန်၊ စိတ်ကောင်းစေတနာ ကောင်းဖြင့် လုပ်ခြင်းသည် စေတနာပင်ဖြစ်ကြောင်း၊ မိဘကသားသမီးကိုထားသည့်စိတ်၊ ဆရာကတပည့်အပေါ်ထားသည့် စိတ်မျိုးသည် စေတနာပင်ဖြစ်ကြောင်း၊ အသက်ကြီး သည်ငယ်သည်မှာအဓိကမဟုတ်ဘဲ တပ်မှူးနှင့် တပ်မှူး၏ဇနီးသည် တပ်၏ အမိအဖ ဖြစ်သည့်အတွက် လိုက်ပါနေထိုင်ရန်လိုကြောင်း၊ တပ်တွင်လိုက်နေသည့် အရာရှိဇနီး များသည် ခင်ပွန်းသည်၏အလုပ်ကို ကူညီပေးရန်ဖြစ်ပြီး ဝင်ရောက်စွက်ဖက်ရန် မဟုတ် ကြောင်း။

  အမျိုးသမီးစစ်မှုထမ်းနှင့်ပတ်သက်၍ လုပ်ဆောင်ချက်များတွင် အားသာချက် များစွာရှိသည်ကိုတွေ့ရကြောင်း၊ တပ်မတော်အကြီးအကဲတို့၏ အမြော်အမြင်ကြီးမှုဖြင့် နိုင်ငံတကာအဆင့်အတန်းမီအောင် စဉ်းစားဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လုပ်ဖော် ကိုင်ဖက်ကောင်းများအဖြစ် မောင်ရင်း နှမကဲ့သို့၊ သားသမီးအရင်းအချာကဲ့သို့ စောင့် ရှောက်ပေးရန်လိုကြောင်း၊ ထိန်းသိမ်းသွန်သင်ပေးရန်လိုအပ်သူများကိုလည်း လမ်းလွဲမ ရောက်အောင်စောင့်ရှောက်ပေးရန်လိုကြောင်း၊ အမျိုးသမီးစစ်မှုထမ်းများသည်လည်း တပ်မတော်၏အဓိက အင်အားပင် ဖြစ်ကြောင်း၊ အမျိုးသမီးစစ်မှုထမ်းနှင့် ပတ်သက် လျှင် စည်းကမ်းတိတိကျကျ ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် အမျိုး သမီးစစ်မှုထမ်းများအား ရည်ရွယ်ချက်ကြီးမားစွာ ခန့်အပ်ထားခြင်းဖြစ်ကြောင်း၊  ထို့ပြင်တစ်ဖက်ကလည်း ရုံး/ဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီး အရာရှိများနှင့် အရပ်ဘက်တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် အမျိုး သမီးအရာရှိများအား Social Media Network များ၌ အသုံးချမခံရစေရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။

      ရဲမေများသည် တပ်မတော်၏အရန်အင်အားများဖြစ်ပြီး မိခင်စိတ်ရှိသည့် အတွက် ကြောင့် အားကိုးရကြောင်း၊ ရဲမေများနှင့် ပတ်သက်လျှင် ၎င်းတို့သည် အိမ်ထောင်ဦးစီး ကိုအားကိုး၍ မိဘအိမ်မှခွဲထွက်လာခြင်းဖြစ်သဖြင့် မိမိတို့အနေဖြင့် စောင့်ရှောက်ရန် တာဝန်ရှိပြီး  အားလုံးကမိသားစုစိတ်မွေးရန်လိုကြောင်း၊ တပ်မတော်ရှိ အိမ်ထောင် သည် ရဲမေမိသားစုဝင်များသည် နိုင်ငံတော်၏ကာကွယ်ရေးစွမ်းပကားများပင်ဖြစ်၍ မိသားစုစည်းလုံးညီညွတ်ရေးမှအစပြုပြီး စနစ်တကျစုဖွဲ့လုပ်ဆောင်နိုင်ရေးအတွက် ကြပ်မတ် သွားရမည်ဖြစ်ကြောင်း။

      ခေါင်းဆောင်များအနေဖြင့် မှန်မှန်ကန်ကန်နှင့် လက်အောက်၏ သက်သာ ချောင်ချိရေးအပိုင်းကို ဆောင်ရွက်ပြီး လုပ်ဆောင်မည်ဆိုပါက တပ်တွင်း စည်းလုံး ညီညွတ်ရေးများတွင်လည်း အထောက်အကူရရှိမည်ဖြစ်ကြောင်း၊ သက်သာချောင်ချိ ရေးနှင့်ပတ်သက်ပြီး တပ်များအပေါ် စေတနာထား၍လုပ်ဆောင်ရန် လိုကြောင်း၊ စိုက်ပျိုး/မွေးမြူရေးကို အခြေခံသည့် သက်သာချောင်ချိရေးကိစ္စရပ်များ ထိထိရောက် ရောက်လုပ်ရန်လိုအပ်ကြောင်း၊ အရာရှိ၊ စစ်သည်များ တပ်နေပျော်စေရေးအတွက် သက်သာချောင်ချိရေးကိစ္စများသာမက တပ်များတွင်နေချင်စဖွယ်ဖြစ်အောင် တပ်သာ  ယာလှပရေးလုပ်ငန်းများကိုလည်း တာဝန်ရှိသူအဆင့်ဆင့်က အလေးထား ဆောင်ရွက် ပေးသွားရန်လိုကြောင်း။

        စိတ်ဓာတ်ဖြင့် တပ်တည်ဆောက်ခြင်းသည် ရာထူးတိုးမြှင့်ပေးခြင်း၊ ခွင့်ခံစားခြင်း၊ သင်တန်းတက်ရောက်ခြင်း၊ အားကစားနှင့်ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ စစ်သည်များ၏ ရပိုင်ခွင့်များ အချိန်နှင့်တစ်ပြေးညီ ပြည့်ပြည့်ဝဝရရှိအောင် ဆောင်ရွက် ပေးခြင်း တို့ပင်ဖြစ်ပြီး လေ့ကျင့်ရေး၊ အုပ်ချုပ်ရေးနှင့်သက်သာချောင်ချိရေး တို့သည် လည်း စိတ်ဓာတ်နှင့်တည်ဆောက်မှုအပိုင်းကို တိုက်ရိုက် သက်ရောက်မှု ရှိကြောင်း၊ စစ်သည်များ၏စိတ်ဓာတ်မြင့်မားရေး လုပ်ဆောင်ပေးရမည်ဖြစ်ရာ တပ်မှူးများ အနေဖြင့် လက်အောက်နှင့်အနီးကပ်တွေ့ဆုံပြီး လက်ပွန်းတတီးနေထိုင်ရန် လိုအပ်ကြောင်း။

တပ်မှူးများသည် တပ်ဖွဲ့အတွင်းရှိ ရဲဘော်များနှင့် မိသားစုဝင်များ၏ ပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးရန်နှင့် စာဖတ်အားမြှင့်တင်ရေးလုပ်ရန်လိုကြောင်း၊ မိမိတို့ တပ်မတော်တွင် ပညာတတ်စစ်သည်များလာပါက စဉ်းစားတွေးခေါ် နိုင်စွမ်းလည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ မိမိတို့စစ်သည်များ တွေးခေါ်မျှော်မြင် နိုင်စွမ်းမြင့်မား လာပါက အုပ်ချုပ်မှုဖြစ်စဉ်များလည်း လျော့နည်းသွားမည်ဖြစ်ကြောင်း၊ စာဖတ်နိုင်ရန် အတွက်လည်း  စာအုပ်များထားရှိရန်၊ စာဖတ်ချိန်ရရှိရေး ဆောင်ရွက်ပေးရန်နှင့် ရရှိသည့်အချိန်တွင် စာဖတ်နိုင်သည့် အခြေအနေရရှိစေရေး ဖန်တီးပေးရန်လိုကြောင်း။

မိသားစုဝင်သားသမီးများပညာသင်ကြားရေးနှင့်ပတ်သက်၍မိမိတို့ တပ်မတော် သားများအနေဖြင့် သားသမီးများကိုပေးနိုင်သည်မှာ ပညာအမွေသာဖြစ်ကြောင်း၊ တပ်မတော်သား၊ မှီခိုသူများ၏ သားသမီးများအားလုံးသည် အနည်းဆုံး KG+9 (အခြေခံပညာအလယ်တန်းအဆင့်)အထိပညာသင်ကြားရမည်ဖြစ်ပြီး စံနမူနာပြအနေ ဖြင့် မှီခိုသူသားသမီးများအားလုံး အနည်းဆုံး KG+9 (အခြေခံပညာအလယ် တန်းအဆင့်)အထိ တက်ရောက်ရန် ရည်မှန်းချက်ထားပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

      တပ်ရင်း/တပ်ဖွဲ့များအနေဖြင့် စည်းရုံးရေးနယ်မြေအတွင်းရှိ အခြေခံပညာကျောင်း များအတွက် လိုအပ်သည်များကို လုပ်ဆောင်ပေးရန်လိုကြောင်း၊ တပ်မတော်လူငယ် ပညာရေးကျောင်းများဖွင့်လှစ်လျက်ရှိပြီး အဆိုပါကျောင်းများတွင် တတ်ရောက် ပညာ သင်ကြားပြီးပါက အဆင့်မြင့်လူ့စွမ်းအား အရင်းအမြစ်(HR)ရရှိလာအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

      မိမိတို့တပ်မတော်တွင် အရန်အင်အားအနေဖြင့် စစ်မှုထမ်းဟောင်းများစွာရှိ နေပြီး စစ်မှုထမ်းဟောင်းများ၏ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးများကို တတ်နိုင်သလောက် သက်ဆိုင်ရာနယ်မြေအလိုက် ထိတွေ့မှု မပြတ် လုပ်ဆောင်နေကြရန်လိုပြီး  ၎င်းတို့၏ဇနီး၊ သား၊ သမီး၊ မိသားစုများကိုပါ စောင့်ရှောက်ပေးရန်လိုကြောင်း၊ အခက်အခဲတွေ့ကြုံလာပါက နှမချင်း၊ သားသမီးချင်း စာနာပြီး ၎င်းတို့၏ လိုအပ်ချက်ကို ကူညီပေးရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် စစ်မှုထမ်းဟောင်းများအတွက် တိုင်းစစ်ဌာနချုပ်များအလိုက် စစ်မှုထမ်းဟောင်းအိမ်ရာ များတည်ဆောက်ပေးလျက်ရှိကြောင်း၊ အဆိုပါအိမ်ရာများတွင် လာရောက်နေထိုင်ကြ မည့် စစ်မှုထမ်းဟောင်းများနှင့်မိသားစုဝင်များ အဆင်သင့်နေထိုင်စားသောက်နိုင်ရေး အတွက် အခြေခံစားကုန်များ၊ ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများကိုလည်း စနစ် တကျဖြည့်ဆည်းဆောင်ရွက်ပေးထားရန် လိုကြောင်း၊

      ကျန်းမာကြံ့ခိုင်ရေးသည် မိမိတို့တပ်မတော်အတွက်မရှိမဖြစ် လိုအပ်ကြောင်း၊ ကျန်းမာကြံ့ခိုင်ရန်မှာ ချက်ချင်းထလုပ်၍မရနိုင်ဘဲ ယခင်ကတည်းကလေ့ကျင့်ပြီး ပြုစုပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများ၏ ကျန်းမာကြံ့ခိုင်မှု မည်မျှတိုးတက်သည်ကိုသိမှသာ ကျန်သည့်စစ်ဆင်ရေးတာဝန်များကိုထမ်းဆောင် နိုင်မည်ဖြစ်ကြောင်း။

      တပ်မှူးများအားလုံးသည် ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်ပြည့်စုံနေရန်လိုကြောင်း၊ ခေါင်းဆောင်မှုမကောင်းလျှင် နောက်လိုက်ကောင်းလည်း မရနိုင်ကြောင်း၊ တပ်မှူးများ အနေဖြင့် လက်အောက်ကိုအမြဲတမ်းဆုံးမသွန်သင်ပေးရန်လိုအပ်သကဲ့သို့ တစ်ဖက် တွင်လည်း ထိန်းသိမ်းဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မှူး၊ အရာရှိကြီးများသည် တပ်မိသားစုနှင့်ထိတွေ့ရန်လိုသကဲ့သို့ ပြည်သူလူထု နှင့်လည်း အပြုသဘောဆောင်သည့် ထိတွေ့မှုရှိရန်လိုကြောင်း၊ ဆန္ဒဖော်ထုတ်ပွဲများ၊ ဆွေးနွေးပွဲ များ၊ ပျော်ပွဲရွှင်ပွဲများသည် မိမိတပ်မိသားစုများနှင့် ထိတွေ့မှုများပင် ဖြစ်သည့်အတွက် မှန်မှန် ကန်ကန်လုပ်ရန်လိုကြောင်း၊ Commander သည် အမုန်းခံရမည်၊ ပြောစရာရှိ ကပြောရမည်၊အရေးယူစရာရှိကယူရမည်၊ချီးမြှင့်စရာရှိက ချီးမြှင့်ရမည်၊ နေရာပေး စရာရှိက နေရာပေးရမည်၊ အသိအမှတ်ပြုစရာရှိက အသိအမှတ်ပြုရမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် လက်အောက်၏အခြေအနေအမှန်ကို သိရှိရန်လို ကြောင်း။

      တပ်မတော်တွင် သစ္စာဖောက်မှု၊ စစ်ဆင်ရေးမှုနှင့် မူးယစ်ဆေးဝါးမှုများသည် လုံးဝ ခွင့်လွှတ်၍မရသည့် အမှုများဖြစ်ပြီး ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း၊ တပ် မတော်သားများအနေဖြင့် ရိုးသားမှုနှင့် ကြိုးစားမှုကိုအခြေခံ၍ နိုင်ငံတော်နှင့် တပ်မတော်အပေါ် အမြဲတမ်းသစ္စာစောင့်သိစွာဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင် သွား ကြရန်လိုကြောင်းဖြင့်ပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက် များကို မေးမြန်းကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

         တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။