နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဝမ်းမြောက်ဝမ်းသာစွာ သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို
နေပြည်တော် စက်တင်ဘာ ၂၅
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအားဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ဖူးကြီးမြို့နှင့်တိုက်ကြီးမြို့နယ်တို့ရှိနယ်မြေခံတပ်ဌာနချုပ်နှင့်တပ်ရင်းအသီးသီးတို့၌ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မင်းလတ် နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အနုပညာရှင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ဒေသခံပြည်သူများ တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။
အဆိုပါ နိုင်ငံတော်ကာကွယ်ရေးနှင့်နယ်မြေတည်ငြိမ်အေးချမ်းရေးတာဝန်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေးနှင့်စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင် ရေးတာဝန်များကို သက်စွန့် ကြိုးပမ်းတာဝန်ထမ်းဆောင်ခဲ့ပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်၍ အောင်ပွဲအလီလီရယူနိုင်ခဲ့သော မှော်ဘီတပ်နယ်မှ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား တိုင်းမှူးနှင့်တက်ရောက်လာကြသူများက အောင်သပြေပန်းများ၊ ပန်းစည်းများ၊ ပန်းကုံးများဖြင့်လည်းကောင်း၊ အိုးစည်၊ ဒိုးပတ်၊ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်ဝမ်းသာစွာ သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြသည်။
အလားတူ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးတို့အတွက် ရှေ့တန်းစစ်မျက်နှာများတွင် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသည့် တိုက်ကြီးတပ်နယ်မှ အောင်ပွဲရရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ဒေသခံပြည်သူများက အောင်သပြေပန်းများ၊ ပန်းစည်းများ၊ ပန်းကုံးများဖြင့်လည်းကောင်း၊ အိုးစည်၊ ဒိုးပတ်၊ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်းသောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြပြီး အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)
