တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ
နေပြည်တော် စက်တင်ဘာ ၂၅
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသားလူငယ်များအား မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက်တပ်မတော်သမိုင်းမှတ်တမ်းများနှင့်အစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါသင်ခန်းစာများကို စာတွေ့အပြင် လက် တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေးစီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)(ရှောက်ကုန်း)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက် လေ့လာကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်း ရုပ်ရှင်ကို စိတ်ဝင်စားစွာကြည့်ရှုကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမ များအား ပြတိုက်တာဝန်ရှိသူကပြတိုက်၏သမိုင်းနှင့်ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ပြတိုက်အတွင်းရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့်လက်ရုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းများအလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သည် ပြင်ပပြကွက်များတွင် ခင်းကျင်း ပြသထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့်တပ်မတော်လေယာဉ်များကို လေ့လာခဲ့ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအတွက် ယနေ့လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပပြုလုပ်ကာ ပြတိုက် တာဝန်ရှိသူများ၏ မေးမြန်းချက်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြသည်။
လေ့လာရေး လာရောက်ခဲ့ကြ သည့် ကျောင်းသား၊ ကျောင်းသူများ နှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်း စကားသံများကိုလည်း အခုလိုပဲ ကြားသိခဲ့ရပါတယ်-
“အခုမှ ပထမဦးဆုံးလာပြီး လေ့လာဖူးတာပါ။ ဒီနေ့မနက်ခင်း ပိုင်းမှာတော့ ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေကို လေ့လာပြီးသွားပါပြီရှင်။ ပထမဦးဆုံး တည်ဆောက်ခဲ့တဲ့ လေယာဉ်တွေနဲ့စစ်ပွဲမှာအသုံးပြုခဲ့တဲ့ လေယာဉ်တွေကိုလည်း လေ့လာပြီးပါပြီရှင်။ ရေတပ်မှာ အသုံးပြုခဲ့တဲ့ စစ်သင်္ဘောတွေကိုလည်း ကြည့်ရှုခဲ့ပြီးပါပြီ။ ကြည်းတပ်မှာ အသုံးပြုခဲ့တဲ့ လက်နက်အကြောင်းတွေကိုလည်း လေ့လာပြီးပါပြီရှင်။ စစ်သမိုင်းပြတိုက်ကို လာရောက်လေ့လာရတဲ့အတွက်လည်း အရမ်းပျော်ပါတယ်။ ဗဟုသုတတွေလည်း အများကြီးရသလို သူငယ်ချင်းတွေနဲ့အတူတူ လေ့လာရတဲ့အတွက်လည်း အရမ်းပျော်ပါတယ်။ အခုလို စစ်သမိုင်းပြတိုက်မှာ လာရောက်ခွင့်ရအောင်စီစဉ်ဆောင်ရွက်ပေးတဲ့ လူကြီးတွေကိုရော ဆရာ၊ ဆရာမတွေအားလုံးကိုရော ကျေးဇူးတင်ပါတယ်”ဟုပြောသည်။
“စစ်သမိုင်းပြတိုက်ကို အခုမှပထမဦးဆုံးအကြိမ် လာရောက်လေ့လာတာဖြစ်ပါတယ်။ လေတပ်မှာဆိုရင်တော့ လေကြောင်းနဲ့ပတ်သက်တဲ့ အကြောင်း အရာတွေ အကုန်လုံးကို လေ့လာခဲ့ရပါတယ်။ ကြည်းတပ်မှာဆိုရင်တော့ အရင်ခေတ်က အသုံး ပြုခဲ့တဲ့ လက်နက်တွေကိုလည်း လေ့လာခဲ့ရပါတယ်။ ရေတပ်မှာဆိုရင်တော့ သင်္ဘောတွေများစွာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ကျွန်တော် ဒီစစ်သမိုင်းပြတိုက်ကို လေ့လာရတဲ့အတွက် ဗဟုသုတတွေများစွာရရှိ ပြီးတော့ ပျော်စရာလည်းကောင်းခဲ့ပါတယ်။ အခုလို လေ့လာခွင့်ရအောင် စီစဉ်ဆောင်ရွက်ပေးတဲ့ တာဝန်ရှိတဲ့သူတွေနဲ့ ဆရာ၊ ဆရာမတွေကို အထူးပင်ကျေးဇူးတင်ရှိပါတယ်”ဟုပြောသည်။ (၁၀၀)


