အနောက်တိုင်းဆေးရောနှောပြီး မှတ်ပုံတင်ထားခြင်းမရှိသောတိုင်းရင်းဆေးဝါးဖြစ်ကြောင်း အသိပေးနှိုးဆော်ချက်

Saturday, September 26, 2026 - 08:15

 

အနောက်တိုင်းဆေးရောနှောပြီး မှတ်ပုံတင်ထားခြင်းမရှိသောတိုင်းရင်းဆေးဝါးဖြစ်ကြောင်း အသိပေးနှိုးဆော်ချက်

 

၁။        ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ်စနစ်တကျ စစ်ဆေးလျက်ရှိပါသည်။

၂။         ယင်းသို့စစ်ဆေးရာတွင် သတင်းပေးတိုင်ကြားချက်အရ အမှတ် ၁၇၁၊ အပိုင်း ၄၊ ၈ လမ်း၊ ငမိုးရိပ်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ လိပ်စာသို့ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီမှ ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းဖြင့် ရှာဖွေတွေ့ရှိရသော တိုင်းရင်းဆေးဝါးများဖြစ်သည့် အာရှရွှေကြယ်အမှတ်တံဆိပ် အဆစ်အမျက်ရောင်ရောဂါသောက်ဆေး(ဆေးမှုန့်/ဆေးထုပ်)၊ အာရှရွှေကြယ်အမှတ်တံဆိပ်ချောင်းဆိုးရင်ကျပ်သောက် ဆေး(ဆေးမှုန့်/ ဆေးထုပ်)၊ ရတနာဖြိုး အမှတ်တံဆိပ် အဆစ်ရောင်ရောဂါသောက်ဆေး(ဆေးမှုန့်/ဆေးထုပ်)နှင့် ဆေးတံဆိပ်ပါဝင်ခြင်းမရှိသော ဆေးမှုန့်/ဆေးထုပ်တို့သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်ခွင့်ပြုထားမှုမရှိခြင်း၊ အနောက်တိုင်းဆေးဝါး(Parac-etamol) ရောနှောထားခြင်းတို့ကို စစ်ဆေးတွေ့ရှိရပါသဖြင့်အများပြည်သူသုံးစွဲရန်မသင့်ကြောင်း အသိပေးအပ်ပါသည်။

၃။        တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့်ဆေးဆိုင်များသည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများ၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် တိုင်းရင်းဆေးဝါးများတင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်(Ethic)အရ လုံးဝ(လုံးဝ)မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာန