ပခုက္ကူမြို့နယ် ရေနံချပ်ကျေးရွာအနီး အကြမ်းဖက်သောင်းကျန်းသူများထံ ဆက်ကြေးပေးဆောင်၍ တရားမဝင်တူးဖော်နေသည့် လက်လုပ်ရေနံတွင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ရှင်းလင်း
နေပြည်တော်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈
လုံခြုံရေးတပ်ဖွဲ့များအနေဖြင့်နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက်သယံဇာတများ တရားမဝင်တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်းများ တားဆီးကာကွယ်နှိမ်နင်းရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူကာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ တားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။
အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုး စီးပွားအတွက် နိုင်ငံအတွင်းရှိ သဘာဝအဖိုးတန် သယံဇာတများကို ခိုးယူတူးဖော်၍ တရားမဝင် ခိုးထုတ်ရောင်းချခြင်း၊ ၎င်းမှရရှိသည့် ငွေကြေးများဖြင့် လက်နက်ခဲယမ်းများ ဝယ်ယူစုဆောင်းကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်း၊ ဆက်ကြေးကောက်ခံ ခြင်းများကျူးလွန်နေကြောင်း ဒေသခံများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၈ ရက်တွင် ရေနံချပ်ကျေးရွာအနီး တရားမဝင် ရေနံတူးဖော်ခြင်းများ လုပ်ဆောင်နေသည့် လက်လုပ် ရေနံတွင်း နေရာ (၃၉) နေရာ ၊ စက်တင်ဘာ ၁၉ ရက်တွင် (၃၅) နေရာ၊ စက်တင်ဘာ ၂၀ ရက်တွင် (၄၄)နေရာ၊ စက်တင်ဘာ ၂၁ ရက်တွင် (၁၇၆) နေရာ၊ စက်တင်ဘာ ၂၂ ရက်တွင် (၁၈၄) နေရာ၊ စက်တင်ဘာ ၂၃ ရက်တွင် (၁၃၈) နေရာ၊ စက်တင်ဘာ ၂၄ ရက်တွင် (၆၈) နေရာ၊ စက်တင်ဘာ ၂၅ ရက်တွင် (၂၅) နေရာ၊ စက်တင်ဘာ ၂၆ ရက်တွင် (၁၈) နေရာနှင့် စက်တင်ဘာ ၂၇ ရက်တွင် (၈) နေရာ စုစုပေါင်း (၇၃၅) နေရာတို့အား ရှာဖွေ ဖော်ထုတ်တွေ့ရှိပြီး ရေနံချက်လုပ်ရာတွင် အသုံးပြုခဲ့သည့် လုပ်ငန်းသုံးပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ နေထိုင်ခဲ့ သည့် ယာယီတဲအဆောက်အအုံ (၅၀၉) လုံးတို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရ သည်။
အဆိုပါ သိမ်းဆည်းရမိ တရားမဝင်ရေနံတူးဖော်ခြင်းများ လုပ်ဆောင်နေသည့် ရေနံတွင်းနေရာများနှင့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းဒေသ တစ်ဝိုက် တွင်လည်း တရားမဝင်ရေနံတူးဖော်ခြင်းများ ဆောင်ရွက်မှုမရှိစေရေး လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
PDFအမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ရပ်ရွာလူထုကို အနိုင်ကျင့်ဗိုလ်ကျပြီး တရားမဝင်ရေနံတွင်းများကို ကိုယ်တိုင်တူးဖော်ခြင်း၊ ဒေသန္တရလုပ်ကိုင်သူများထံမှ ဆက်ကြေးကောက်ခံခြင်းများပြုလုပ်၍ ရရှိသည့်ငွေကြေးများဖြင့် လက်နက် /ခဲယမ်း ဝယ်ယူကာ အင်အားတည်ဆောက်ပြီး အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင် လျက်ရှိခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထု၏ သတင်းပေးပို့မှုအရ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။