ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ)တာကိုယ်ထည်တိုက်စားခံရမှုနေရာများနှင့် ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၅ မြို့နယ်တို့တွင် ရေဝင်ရောက်ခဲ့ခြင်းများအား တားဆီးကာကွယ်ရေးလုပ်ငန်းမျ

Saturday, September 26, 2026 - 08:15

ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ)တာကိုယ်ထည်တိုက်စားခံရမှုနေရာများနှင့် ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၅ မြို့နယ်တို့တွင် ရေဝင်ရောက်ခဲ့ခြင်းများအား တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော် စက်တင်ဘာ၂၅

 

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ)တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၌ မြစ်ကမ်းရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)တွင် ဩဂုတ်လ၂၅ရက် နံနက်ပိုင်းမှစ၍ အလျား (၃၀၀)ပေ၊ အနံ (၄၅) ပေခန့် တာကိုယ်ထည်တိုက်စားကာ ဆည်မြောင်းတာအိပဲ့ကျမှုဖြစ်ပွားခဲ့သည့်နေရာနှင့်အဆိုပါနေရာအနီးတစ်ဝိုက် မြစ်ရေတိုက်စားမှုကြောင့် မြေသားထပ်မံပြိုကျမှုဖြစ်ပေါ်ခဲ့သည့်နေရာများတွင်  ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

အဆိုပါ တာကိုယ်ထည်တိုက်စား၍ အိပဲ့ပြိုကျမှုဖြစ်ပေါ်လျက်ရှိသည့်နေရာများ၌ ရေတိုက်စားမှုကာကွယ်နိုင်ရန်အတွက် ရေလမ်းသောင်တူးလုပ်ငန်းဆောင်ရွက်ခြင်း၊ တာမိုင်အမှတ်(၁၂ / ၂)၅၀၀ ပေ နှင့်(၁၂ /၃) ကြားတွင် မြစ်ကမ်းထိန်းလုပ်ငန်းဖြစ်သည့် porcupine ချထားခြင်း၊ ယာယီပန်းတာ အလျား(၃၀၀) ပေပေါ်တွင် သဲအိတ်ဆင့်ခြင်းနှင့်ကမ်းရင်းတာခြေတုတ်ရိုက်သဲဖြည့်ခြင်း၊ တာမိုင်အမှတ်(၁၁/ ၅)နှင့်(၁၁/ ၆)ကြားတွင် ယာယီပန်းတာတည်ဆောက်ပြီးသည့်နေရာတွင်  Upstream Slope နှင့် Downstream Slope နေရာများ၌ သဲအိတ်စီ၍ တာခြေထောက်ခြင်း လုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများပူးပေါင်း၍ လူအင်အား၊ စက်ယန္တရားများဖြင့်  အင်တိုက် အားတိုက်အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အလားတူ  ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင်လ  ၃၀  ရက် ညပိုင်းတွင်မိုးသည်းထန်စွာရွာသွန်းမှုနှင့်မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍  ရပ်ကွက် ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်း မြို့နယ်များရှိ ရပ်ကွက် ၁၃ ခုနှင့် ကျေးရွာအချို့တို့တွင်   ယနေ့ထိရေဝင်ရောက်မှုများဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

အဆိုပါ  ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက်  ငဝန်ပန်းတာရေဝင်လမ်းအား(Geobags)အိတ်များချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ကာကွယ်ခြင်း ၊Steel Sheet Pile များ‌တောင့်တင်းခိုင်မာစေရန်အတွက် (Geobags) အိတ်များချခြင်း၊ (Jumbo Bag) အိတ်များချခြင်းလုပ်ငန်းများအား လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ အင်တိုက်အားတိုက်အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် လျက်ရှိသည်။ထို့ပြင်  ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ ရွာ၊ ရပ်ကွက် များရှိဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊   ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအားနယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့်ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးခြင်းနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆက် လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။   (၁၀၀)