‎တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ ‎‌နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၂၈

Wednesday, September 30, 2026 - 08:15

 

‎တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ

‎‌နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၂၈

 

‎နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား လူငယ်များအား မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက် ဆက် တပ်မတော်သမိုင်းမှတ်တမ်းများနှင့်အစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင် စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

‎         ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊တပ်ကုန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ရေအေး) မှ  ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့လာရောက် လေ့လာကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ထို့နောက်  ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ပြတိုက်တာဝန်ရှိသူက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်း ပြောကြားသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ပြတိုက်အတွင်းရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းများအလိုက် တာဝန်ရှိသူ များက ပြန်လည်ဖြေကြားပေးကြသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ပြင်ပပြကွက်များတွင် ခင်းကျင်း ပြသထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့် တပ်မတော်လေယာဉ် များကို လေ့လာခဲ့ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအတွက် ယနေ့လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏မေးမြန်းချက် များကို မှန်ကန်စွာ ဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြသည်။

လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း အခုလိုပဲ ကြားသိခဲ့ရပါတယ် -

 

         ကျွန်မကတော့ အထကခွဲ ရေအေးက အထက်တန်းပြ ဆရာမ ဒေါ်မေသွယ်ဦး ဖြစ်ပါ တယ်ရှင့်။ ကျွန်မတို့က တာဝန်ယူဆောင်ရွက်ရတဲ့အပိုင်းကတော့ ကျောင်းသားတွေကို အုပ်ချုပ်ပြီး တော့မှ စည်းကမ်းရှိရှိနဲ့ ဒီကို လေ့လာရေးခရီးစဉ်မှာ ဗဟုသုတတွေရဖို့ မှတ်သားဖို့ ဒီလိုသေချာမှာ ပြီးတော့ ကျန်းမာရေးအတွက်ကော သေချာစနစ်တကျနဲ့ သွားတတ်လာတတ်အောင်လို့ တာဝန်ယူ ခဲ့ရပါတယ်ရှင့်။ ကျောင်းသား ကျောင်းသူတွေရဲ့ စိတ်ထဲမှာ ရဲရင့်တဲ့စိတ်တွေ ကြံ့ခိုင်တဲ့စိတ်တွေနဲ့ လေးစားအားကျရတဲ့ ပုဂ္ဂိုလ်တွေကို တွေ့တဲ့အခါမှာ အဲ့လို သူတို့လည်း ဒီလိုဖြစ်ချင်တယ် စက်ပစ္စည်းကိရိယာတွေကို တွေ့တဲ့အခါမှာ သူတို့လည်း ဒီလိုတွေကို တက်ပြီးတော့မှ သူတို့ကိုယ်တိုင် မောင်းချင်တယ် သူရဲကောင်းစိတ်ဓာတ်တွေကို ရမယ်လို့ ထင်ပါတယ်ရှင့်။ စာသင်ခန်းတွင်းမှာကျတော့ စာတွေ့ပဲသင်တာဖြစ်တဲ့အတွက် မျက်မြင်ဒီလိုမျိုး ရုပ်ဝတ္ထုပစ္စည်း တွေကို လက်နဲ့ ထိတွေ့ကိုင်တွယ်ခွင့်မရဘူး။ အခုက လက်နဲ့ထိတွေ့ကိုင်တွယ်ခွင့်ရတဲ့အတွက် သူတို့တွေက ပိုပြီးတော့လည်း စိတ်ဝင်စားတယ် ပိုပြီးတော့လည်း သူတို့က အတုယူကြတယ်ပေါ့ သင်ယူကြမှာပေါ့။

         ကျွန်တော်ကတော့ အထကခွဲ ရေအေးကျောင်းမှာ ပညာသင်ကြားနေတဲ့ G-12 ကျောင်းသား မောင်နိုင်မျိုးသူ ဖြစ်ပါတယ်ခင်ဗျ။ ပထမဦးဆုံး ခံစားရတာကတော့ သူငယ်ချင်းတွေနဲ့ အတူတူ လာရတဲ့အတွက်ကြောင့် ကျွန်တော် ပျော်ပါတယ်ဗျ။ နောက်ထပ်ကတော့ ကျွန်တော်တို့မသိသေး တဲ့ အကြောင်းအရာတွေ မမြင်ဖူးတဲ့ စက်ယန္တရားတွေကို လေ့လာရတဲ့အတွက် စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်ဗျ။ သင်္ဘောဆိုရင်လည်း သင်္ဘောရဲ့ အင်ဂျင်အပိုင်းတွေ အင်ဂျင်အမှတ်တံဆိပ်တွေ အဲ့လိုအခန်းတွေကို ပိုပြီးတော့ စိတ်ဝင်စားပါတယ်ဗျ။ သင်္ဘောတွေနဲ့ ပြောရမယ်ဆိုလို့ရှိရင်လည်း မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဆောက်ခဲ့တဲ့ သစ်သားသင်္ဘော အဲ့ဒါတွေလည်း သိခွင့်ရတယ်ဗျ။ ပြီးတော့ လေယာဉ်အပိုင်းမှာဆိုရင်လည်း အဲ့လိုပဲ။ ကျွန်တော် မသိသေးတဲ့ အကြောင်းအရာတွေ အများကြီး သိခဲ့ရတယ်ဗျ။ အခုလို လေ့လာရေးခရီးစဉ်ပေးတဲ့ လူကြီးတွေကို ကျွန်တော် ကျွန်တော်တို့အနေနဲ့ အထူးကျေးဇူးတင်ပါတယ်ဗျ။ နောင်နှစ်တွေမှာလည်း ဒီလို ကျွန်တော် G-12 ပြီးသွားပြီ ဆိုရင်တောင်မှ အဆင်ပြေတဲ့ အားတဲ့အချိန်တွေမှာမျိုး ကျွန်တော် သူငယ်ချင်း အဖွဲ့တွေစုပြီးပဲဖြစ်ဖြစ် လေ့လာရေးခရီးတွေ ဒီ တပ်မတော်စစ်သမိုင်းပြတိုက်ကို နောက်ထပ် ကျွန်တော်တို့ ထပ်လာဦးမှာပါဗျ။