၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုပေးပွဲကျင်းပ
နေပြည်တော် စက်တင်ဘာ ၂၅
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ ပြည်နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ Grade-10 ကျောင်းသား၊ ကျောင်းသူများမှ “ဘက်စုံပညာကိုယ်ရည် တို့လှမ်းချီ ” သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ပညာရေးမှူးမှ ပညာရေးဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ်ရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အတန်းလိုက် ပထမဆုရရှိခဲ့သော ကျောင်းသား၊ကျောင်းသူများ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၂ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၆ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၇ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၂၀ ဦး၊ စုစုပေါင်း ၃၈ ဦးနှင့် ဂုဏ်ထူးများရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား တိုင်းမှူးနှင့် တာဝန်ရှိသူများကဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် Grade-10 ကျောင်းသား၊ ကျောင်းသူများက “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။ (၁၀၀)
