တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားသည့် ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အင်တိုက်အားတိုက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၂၉

Tuesday, September 29, 2026 - 08:00

တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားသည့် ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အင်တိုက်အားတိုက်ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၂၉

 

         ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းခဲ့သော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)၏ အရှိန်ကြောင့် တနင်္သာရီမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ မြစ်ရေမြင့်တက်မှုဖြစ်ပွားခဲ့သဖြင့် တနင်္သာရီမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့အတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိသည့်အပြင် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ နေရာအချို့တွင်လည်း ရေကျော်ခြင်းများ ဖြစ်ပွားလျက်ရှိပြီး မော်တော်ယာဉ် များ သွားလာနိုင်ခြင်းမရှိကြောင်း သိရှိရသည်။

အဆိုပါ ရေဝင်ရောက်မှုဖြစ်ပေါ်သည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ရှိ ရေဘေးသင့်ပြည်သူများအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီ ရေး အဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းများ၊ နီးစပ်ရာဆွေးမျိုးများ၏ နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်းနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးခြင်းတို့ကို  အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည့် သရက်ချောင်းမြို့နယ်၊ ထားဝယ်မြို့နယ်နှင့် ပလောက်မြို့နယ်တို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာတို့တွင်လည်း ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် ရေပြန်လည်ကျဆင်းသွားသည့်နေရာများတွင် ရေဝင်ရောက် မှုဖြစ်ပေါ်ခဲ့စဉ်  တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား နယ်မြေခံတပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကူညီရေးစခန်းများရှိ ရေဘေးသင့်ပြည်သူ များအား စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်းနှင့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကူညီကယ်ဆယ်ရေးနှင့် ရေဝင်ရောက်မှု တားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုများကို ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။