ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ် ၊ ဆေးတက္ကသိုလ်(၁)နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်
နေပြည်တော်၊ စက်တင်ဘာ - ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)နှင့် ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ)တို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဒဂုံတက္ကသိုလ်
ဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်ဘူတာရုံသို့ ရောက်ရှိကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက တက္ကသိုလ်ဘူတာရုံအနီး ကျောင်းသား၊ ကျောင်းသူများနေ့စဉ် အဆင်ပြေချော မွေ့စွာ ကျောင်းတက်ရောက်နိုင်ရန် YBS ဘတ်စ်ကားဂိတ်ထားရှိနိုင်ရေး ယာဉ်ရပ်နားဝန်းနှင့် ယာဉ်လှည့်ကွင်း တည်ဆောက်နိုင်မည့် လျာထားနေရာရွေးခြယ်ထားရှိမှု၊ ကျောင်းအတွင်းရှိ ဗိုလ်မှူး ဗထူးလမ်း လမ်းဘေး ဘယ်ညာ လူသွားပလက် ဖောင်းများဆောင်ရွက်ခြင်းနှင့် ကတ္တရာ ကွန်ကရိခင်းခြင်းလုပ်ငန်းများ ဆောင်ရွက် သွားမည့်အခြေအနေ၊ တက္ကသိုလ်ဝင်းအတွင်း ယာဉ်ကြောမျဉ်းနှင့် လူကူးမျဉ်းကြား များ စနစ်တကျ ဆေးရေးဆွဲသွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ယာဉ်ရပ်နားဝန်းနှင့် ယာဉ် လှည့်ကွင်းနေရာ တည်ဆောက်ရာ၌ မြေသားအောက်ခံဖောင်ဒေးရှင်းကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်သွားရန်၊ ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာအသုံးပြုနိုင်ရေး လူသွားပလက်ဖောင်းများ ထည့်သွင်းတည်ဆောက်သွားရန်နှင့် ကျောင်းဆင်း၊ ကျောင်းတက်ချိန်များ၌ YBS ဘတ်စ်ကားများကို အချိန်နှင့်တစ်ပြေးညီ စီမံပြေးဆွဲပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြား သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဘူတာရုံယာဒ့်ဝင်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဘူတာနယ်နိမိတ်အတွင်း စည်း ကမ်းစနစ်တကျဖြစ်စေရေးနှင့် သန့်ရှင်းသာယာလှပရေး အမြဲမပြတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒဂုံတက္ကသိုလ်ဧရိယာတစ်ခုလုံးအနေဖြင့်လည်း တက္ကသိုလ်အင်္ဂါရပ်နှင့် အညီဖြစ်စေရေး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက် သွားရန်လိုကြောင်း၊ လမ်းဘေးဝဲယာရှိ ခြုံနွယ်များအားရှင်းလင်းသွားရန်နှင့် သစ်ပင် ကြီးများကိုလည်း အလင်းဖွင့်ခုတ်ထွင်ခြင်းများ ဆောင်ရွက်သွားရန်လိုပြီး သန့်ရှင်း သာယာလှပသည့်၊ ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် တက္ကသိုလ်ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖော်ဆောင်ပေးသွားရန်လိုကြောင်း၊ ရေဝပ်ဧရိယာများမရှိစေရေးအတွက် လည်း မြေဖို့ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ စနစ်တကျ ဖော်ထုတ်ပေးခြင်းများဆောင်ရွက်သွားရန်လိုကြောင်း၊ ကျောင်းတွင်းလမ်းများကိုလည်း သတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး စနစ်တကျပြန်လည် အဆင့်မြှင့်တင် ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမ၌ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ချစ်စိန် တို့က တက္ကသိုလ်၏ မျှော်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ၊ တက္ကသိုလ်၏ လိုအပ်ချက်များ၊ ဘာသာရပ်များအလိုက် သင်ကြားပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆေးတက္ကသိုလ်(၁) ရန်ကုန်
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ အကြီးစား ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် တက္ကသိုလ်အားကစားကွင်း တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်းနှင့် ပွဲကြည့်စင် အဆင့်မြှင့်တင် နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဘောလုံးကွင်းအား မီတာ ၄၀၀ ပြေးလမ်းပါ စံကိုက်ကွင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန်နှင့် ပွဲကြည့်စင်ကိုလည်း သတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး ပြန်လည်တည်ဆောက်သွားရန်လိုကြောင်း၊ အားကစားကွင်း အဆင့်မြှင့်တင်ခြင်းများနှင့် တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေစဉ် ကာလအတွင်း ကျောင်းအားကစားပွဲများအား လေ့ကျင့်ရေး အားကစားကွင်း၌ ဆောင် ရွက်နိုင်ရေး စီမံပေးထားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာ ကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ကမာရွတ်မြို့နယ်၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ဝန်းအတွင်း ရှေးယခင်ကတည်ရှိခဲ့သည့် လိပ်ခုံးပုံ (MULTI-PURPOSE ASSEMBLY HALL) အဆောက်အဦအား မူလပုံစံမပျက် ခေတ်မီဆန်းသစ် သည့်အသွင်ဖြင့် အသစ်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြရာ ဆေးတက္ကသိုလ်(၁)နှင့် (၂) တို့မှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ် ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် တည်ဆောက်ရေးလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၏ လုပ်ငန်းဆောင် ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် ယခင်က တည်ရှိ ခဲ့သည့် လိပ်ခုံးပုံအဆောက်အဦ၏ သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ မှတ်တမ်းမှတ်ရာများကို ပြန်လည်ကြည့်ရှုလေ့လာဆန်းစစ်၍ မူလပုံစံမပျက် ခေတ်မီဆန်းသစ်သည့် အသွင်ဖြင့် လိပ်ခုံးပုံအဆောက်အဦဖြစ်စေရေး စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခု တည်ဆောက်မည့် လိပ်ခုံးပုံ အဆောက်အဦသည် မော်တော်ယာဉ်များ အသွားအလာ များပြားသည့် ပြည်လမ်းမကြီးဘေးတွင် တည်ရှိသည်ဖြစ်၍ အသံထိန်း စနစ်များကိုလည်း စနစ်တကျတွက်ချက်ထည့်သွင်းဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
အဆိုပါ ယခင်က အထင်ကရအဆောက်အဦတစ်ခုအဖြစ် ကျော်ကြားတည်ရှိခဲ့သည့် လိပ်ခုံးပုံသစ်သားခန်းမကြီး (MULTI-PURPOSE ASSEMBLY HALL) အဆောက် အဦကို ဗြိတိသျှ ဗိသုကာပညာရှင် Ragian Squire က ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ၁၉၅၄ - ၁၉၅၆ ခုနှစ်များအတွင်း ရန်ကုန်စက်မှုတက္ကသိုလ်အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ် ကြောင်း၊ ထို့နောက် အဆိုပါ လိပ်ခုံးသစ်သားခန်းမကြီးကို ၁၉၈၀ ပြည့်နှစ်များဝန်းကျင် ခန့်တွင် ယိုယွင်းပျက်စီးလာခြင်း၊ အပူပိုင်းမိုးရေချိန်နှင့် ကာလကြာမြင့်မှုတို့ကြောင့် သစ်သားဖွဲ့စည်းပုံများ ပျက်စီးယိုယွင်းလာကာ လူအများအသုံးပြုနိုင်မှုမရှိတော့ခြင်း၊ ရေရှည်ပြုပြင်ထိန်းသိမ်းရန် ကုန်ကျစရိတ် ကြီးမားလှခြင်းတို့ကြောင့် ဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များနှင့် အညီ မူလပုံစံမပျက် ခေတ်မီဆန်းသစ်သည့် အသွင်ဖြင့် အဆိုပါလိပ်ခုံးပုံ အဆောက် အဦအား ပြန်လည်တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။
ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)သို့ ရောက်ရှိကြပြီး အုပ်ချုပ်မှုအဆောက်အဦ ရှင်းလင်းဆောင်ခန်းမ၌ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဇော်ဦးက လှိုင်တက္ကသိုလ်များနယ်မြေဆိုင်ရာ အချက်အလက်များနှင့် တက္ကသိုလ်များ၊ စာသင်ဆောင်များ တည်ဆောက်ထားရှိမှုအခြေအနေ၊ လှိုင်တက္ကသိုလ်နယ်မြေအတွင်း တက္ကသိုလ်များအလိုက် အိပ်ဆောင်များနှင့်စာသင်ဆောင်များ တည်ရှိမှုအခြေအနေ၊ ဝန်ထမ်းအိမ်ရာများ တည်ဆောက်ထားရှိမှု၊ စာသင်ဆောင်များ၊ Theater များ တည်ရှိမှုနှင့် လှိုင်တက္ကသိုလ်များနယ်မြေအတွင်း သင်ကြားမှု၊ သင်ယူမှုနှင့် အုပ်ချုပ်မှု အခြေခံအဆောက်အဦများ၏ အခြေအနေနှင့် ထပ်မံလိုအပ်လျက်ရှိသည့် အခြေခံ အဆောက်အဦဆိုင်ရာများနှင့်ပတ်သက်၍လည်းကောင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကေသွယ်လှိုင်က ရန်ကုန်ပညာရေး တက္ကသိုလ်၏ နောက်ခံ သမိုင်းကြောင်းဆိုင်ရာများနှင့် ပေးအပ်လျက်ရှိသည့် ဘွဲ့များ၊ သင်ကြား၊ သင်ယူမှုဆိုင်ရာ အခြေခံအဆောက်အဦ လိုအပ်ချက်များနှင့် ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းများ အလိုက် ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေသုံးစွဲမှု၊ လုပ်ငန်းပြီးစီးမှုအခြေအနေများနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ မေးမြန်းကာ လှိုင်တက္ကသိုလ်များနယ်မြေနှင့် ကမာရွတ်တက္ကသိုလ်နယ်မြေတို့အတွင်း ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ တစ်စုတစ်စည်း တည်းဆောင်ရွက်နိုင်ရေးနှင့် သင်ကြားသင်ယူမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလျှင်မြန်အဆင် ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး ပေါင်းစည်းထားရှိနိုင်ရန်လိုကြောင်း၊ ပညာရေးအရ ရင်းနှီးမြှုပ်နှံခြင်းသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်ကောင်းကို ပုံဖော်တည်ဆောက်နေခြင်းပင်ဖြစ်သည့်အတွက် နိုင်ငံအတွက် အသိပညာအတတ် ပညာပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို တက္ကသိုလ်များမှ စဉ်ဆက်မပြတ် မွေးထုတ်ပေးသွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ကောလိပ်များအနေဖြင့်လည်း ပညာတတ်လူသားအရင်းအမြစ်ကောင်း များမွေးထုတ်၍ ဒေသ၏ ကောင်းရာကောင်းကျိုးများကို နိုင်ငံ့ဝန်ထမ်းများအဖြစ် ပြန်လည်အကျိုးပြုတာဝန် ထမ်းဆောင်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တက္ကသိုလ်များအလိုက် ဘာသာရပ်များအလိုက် တက်ရောက်ကြသည့် ကျောင်းသား ဦးရေအချိုး၊ သင်ကြားသင်ယူမှု အခြေခံအဆောက်အဦနှင့် သင်ကြားရေးဝန်ထမ်း အချိုးတို့ကို စနစ်တကျတွက်ချက်၍ လိုအပ်ပါက အခြေခံအဆောက်အဦ တိုးချဲ့တည်ဆောက်ခြင်းများ ဆောင်ရွက်ပေးခြင်း၊ လူဦးရေအနည်းငယ်သာရှိသည့် ဘာသာရပ်များအား စုပေါင်းသင်ကြားစေခြင်းတို့ကို လေ့လာဆန်းစစ်ဆောင်ရွက်သွား ကြရန် လိုကြောင်း၊ သင်ကြား၊သင်ယူမှု အခြေခံအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်ကဲ့သို့သော တက္ကသိုလ်တစ်ရပ်၏ အဓိကပြယုဒ်နှင့် ဂုဏ်ဒြပ်ဖြစ်သည့် အရေးကြီး အဆောက်အဦများ တည်ဆောက်ရာ၌ ဘက်ပေါင်းစုံမှ စဉ်းစားတွက်ချက်ခြင်း၊ အဆိုပြုနေရာနှင့် အဆိုပြုပုံစံ ဒီဇိုင်းအကြမ်း များရေးဆွဲ၍ ဦးစားပေးအဆင့်အလိုက် သတ်မှတ်ရွေးချယ်ခြင်းတို့ကို အဆင့်ဆင့် စနစ်တကျ ဆောင်ရွက်တည်ဆောက်သွားကြရန်နှင့် ရေရှည်အကျိုးကိုကြည့်၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စီးပွားရေးတက္ကသိုလ်(ရန်ကုန်)၊ ရန်ကုန်တက္ကသိုလ်၊ ပညာရေးတက္ကသိုလ်တို့အား ကျောင်းသားဦးရေနှင့် သင်ကြားရေးဝန်ထမ်းများ၏ အချိုး၊ အခြေခံအဆောက်အဦလိုအပ်ချက်အချိုးတို့ကို ဆန်းစစ်လေ့လာတွက်ချက်၍ တစ်စုတစ်စည်းတည်းဖြစ်စေရေး စုစည်းဆောင်ရွက်နိုင်မည့်အခြေအနေများကို အဖြေ ရှာဆောင်ရွက်သွားကြရန်လိုကြောင်း၊ တက္ကသိုလ်များအလိုက် အခြေခံအဆောက်အဦများ၏ အသုံးပြုမည့်အကြောင်းအရာ၊ လူဝင်ဆံ့မှုတို့အလိုက် အဆောက်အဦ ကြံ့ခိုင်မှု များကိုလည်း ပြန်လည်တိုင်းတာဆန်းစစ်ပြုစု၍ စနစ်တကျဖြစ်စေရေး ဆောင်ရွက် သွားကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) အတွင်း လှည့်လည်၍ Theater များ၊ စာသင်ဆောင်များ၊ ဘာသာရပ်အလိုက်စာပေဌာနများ၊ စာကြည့်တိုက်ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အဆောင်များ စသည်ဖြင့် တက္ကသိုလ်အဆောက်အဦအကွက်ချဆောင်ရွက်ထားရှိမှု မြေပြင်အခြေ အနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။






