ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်

Tuesday, September 22, 2026 - 09:15

 

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်

 

ရန်ကုန်  စက်တင်ဘာ ၂၂

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇)နှစ်မြောက်နှစ်ပတ်လည် အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ    Wyndham Grand Hotel ၌ကျင်းပရာ   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ဒုတိယသမ္မတဒေါ်နန်းနီနီအေး တက်ရောက်သည်။

အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ  Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဦးသန်းမောင်၊   တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊   ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ၎င်းတို့၏  ဇနီးများ၊  ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့မှ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျား၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့်   ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ဦးစွာ ဒုတိယသမ္မတနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျား၊ စစ်သံမှူးနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ခင်းကျင်းပြသထားသည့် မြန်မာ-တရုတ် ချစ်ကြည်ရေးအထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သီချင်းနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတက မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နယ်နိမိတ်ချင်း ရှည်လျားစွာထိစပ်နေသည့်  အိမ်နီး ချင်းကောင်း မိတ်ဆွေနိုင်ငံများဖြစ်ကြကြောင်း၊ ခေတ်အဆက်ဆက်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ အပြန်အလှန်လေးစားမှု၊နားလည်မှုနှင့်စစ်မှန်သည့် အိမ်နီးချင်းကောင်းပီသမှုတို့ကို အခြေခံပြီး နီးကပ်သည့်ပူးပေါင်း ဆောင်ရွက်မှုနှင့်မိတ်ဖက်ဆက်ဆံမှုကို ပိုမိုတိုးတက်ခိုင်မာအောင်ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြကြောင်း၊  နှစ်နိုင်ငံအကြား“ဆွေမျိုးပေါက်ဖော်”ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး လိုအပ်ချိန်တိုင်းတွင် အပြန်အလှန်ကူညီပံ့ပိုးရပ်တည်ပေးနေသည့် နိုင်ငံများလည်းဖြစ်ကြကြောင်း။

ထို့ပြင်ကဏ္ဍအသီးသီးတွင် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကိုပိုမိုနက်ရှိုင်းစေပြီး အပြန်အလှန်နားလည်မှုကိုမြှင့်တင်ပေးနိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား မဟာဗျူဟာကျသည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်တွင်ရှိသည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ခဲ့ကြောင်း၊ လာမည့်ကာလများတွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုသာမက ယဉ်ကျေးမှုနှင့်  ပညာရေး အစရှိသည့် ပြည်သူအချင်းချင်းချိတ်ဆက်မှုများကိုလည်း ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် ဆက်လက်ပံ့ပိုးကူညီပေးနေမှုများနှင့် ဒေသတွင်းနှင့်နိုင်ငံတကာစင်မြင့်များတွင် အထူးသဖြင့် အာဆီယံနှင့်ကုလသမဂ္ဂတို့တွင် မြန်မာနိုင်ငံဘက်မှ အပြုသဘော ထောက်ခံကူညီပေးနေမှုများအတွက်လည်း များစွာတန်ဖိုးထားပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်(၇၇)နှစ်မြောက်နှစ်ပတ်လည် အခါသမယတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သာယာဝပြောပါစေကြောင်းနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုထာဝရ တည်တံ့ပါစေကြောင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့် တရုတ်နိုင်ငံသံအမတ်ကြီးတို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ကိတ်မုန့်ကို လှီးဖြတ်ပေးကြပြီး တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ 

          ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ညစာကို အတူတကွ   သုံးဆောင်သည်။   ညစာသုံးဆောင်နေစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ အနုပညာအဖွဲ့နှင့် သံရုံးမှ ဝန်ထမ်းများက ရိုးရာယဉ်ကျေးမှုအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြသည်။ မြဝတီ