တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ နေပြည်တော် စက်တင်ဘာ ၂၄

Friday, September 25, 2026 - 18:15

 

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ

 

နေပြည်တော် စက်တင်ဘာ ၂၄

 

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသားလူငယ်များအား မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက်  တပ်မတော်သမိုင်းမှတ်တမ်းများနှင့်အစဉ်အလာများကို  သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန်စသည့်ရည်ရွယ်ချက်များဖြင့်  ကျောင်းသား၊ ကျောင်းသူများအား  တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ဥတ္တရသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)(ရွှေနံ့သာ)နှင့်အခြေခံပညာအထက်တန်းကျောင်း(ငန်းစပ်)၊ ဒက္ခိဏသီရိမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(မန်ကျီးကုန်း)၊ တပ်ကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ဒဟတ်ကုန်း)နှင့် အခြေခံပညာအထက်တန်းကျောင်း(အလယ်ကျွန်း)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့်  ဆရာ၊   ဆရာမများသည် တပ်မတော်  စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာကြည့်ရှုကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား  ပြတိုက်တာဝန်ရှိသူက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများ အကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည်    ပြတိုက်အတွင်းရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းများအလိုက်  တာဝန်ရှိသူ များက ပြန်လည်ဖြေကြားပေးကြသည်။

ဆက်လက်၍  ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများသည် ပြင်ပပြကွက်များတွင် ခင်းကျင်းပြသထားသည့် တပ်မတော်(ကြည်း၊ရေ၊ လေ)တပ်ဖွဲ့များ၏စစ်လက်နက်ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့်တပ်မတော်လေယာဉ်များကို လေ့လာခဲ့ကြပြီး အမှတ်တရဓာတ်ပုံများရိုက်ကူးကြသည်။  ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအတွက် ယနေ့လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏   မေးမြန်းချက်များကို  မှန်ကန်စွာဖြေဆိုနိုင်သော   ကျောင်းသား၊ ကျောင်းသူများအား  ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့်အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြ သည်။

လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း အခုလိုပဲကြားသိခဲ့ရပါတယ်- 

“ကျွန်မတို့ ဒီကိုလာရောက်တာကတော့ အထက(ခွဲ)(ဒဟတ်ကုန်း)နဲ့ပြီးတော့ အထက(အလယ်ကျွန်း)တို့က ကျောင်းသား၊ ကျောင်းသူတွေနဲ့လာရောက်ပြီးတော့ လေ့လာရေးခရီးထွက်တာဖြစ်ပါတယ်။ ကလေးတွေရဲ့ဘဝမှာစာတွေနဲ့တင် မဟုတ်ဘဲနဲ့ကိုယ်ပိုင်လက်တွေ့ဘဝကိုလည်း လာရောက်လေ့လာခြင်းအားဖြင့် သူတို့အတွက် အကျိုးတွေအများကြီးရရှိမယ်ထင်လို့ ကျွန်မတို့ကနေပြီးတော့   ဆက်သွယ်လာတာကို  ကျေးဇူးတင်စွာဖြင့်လက်ခံပြီးတော့ လာရောက်ခြင်းဖြစ်ပါတယ်။ ကလေးတွေအနေနဲ့ကျတော့  စာအုပ်ထဲမှာပါတဲ့ စာတွေနဲ့ ဆရာ၊  ဆရာမတွေရဲ့ သင်သလောက်ကိုပဲ  ရရှိခဲ့ကြတယ်။ အခုလိုမျိုးလာရောက်လိုက် တဲ့အခါကျတော့   ကလေးတွေကနေပြီးတော့  ဌာနဆိုင်ရာကနေ ရှင်းပြတဲ့ဟာဆို  သူတို့ဘဝအတွက် ပိုမိုထိရောက်ပြီးတော့  ကိုယ့်ရဲ့နိုင်ငံမှာ  ဘယ်လိုသမိုင်းတွေရှိခဲ့တယ် ဘယ်လောက်တောင် အရေးပါခဲ့တယ်ဆိုတာတွေကို  ပိုပြီးတော့ သိရှိသွားမယ်လို့ ထင်မိပါတယ်ရှင်”ဟုပြောသည်။

“ကျွန်တော်တို့အနေနဲ့ တပ်မတော်စစ်သမိုင်းပြတိုက်ကို   လာရောက်ရတဲ့အတွက်ကြောင့်   ပြတိုက်အတွင်းမှာရှိတဲ့   မြန်မာနိုင်ငံရဲ့ သမိုင်းနဲ့သက်ဆိုင်တဲ့   မှတ်တမ်းတွေ၊ သမိုင်းဝင်ပစ္စည်းတွေ၊ စစ်လက်နက်အသုံးအဆောင်ပစ္စည်းတွေ၊  စစ်သုံးယာဉ်နဲ့ လေယာဉ်တွေနဲ့အရေးကြီး ပုဂ္ဂိုလ်တွေအကြောင်းကို သိရှိခဲ့ရပါတယ်ခင်ဗျ။  အဲ့ဒီပစ္စည်းတွေကို  ကြည့်ရှုရင်းနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အတိတ်ကာလသမိုင်းအကြောင်းတွေကိုလည်း   နားလည်သဘောပေါက်ခဲ့ပါတယ်ခင်ဗျ” ဟု  ပြောသည်။      (၁၀၀)