ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှုနေရာများနှင့် ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၅ မြို့နယ်တို့တွင် ရေဝင်ရောက်ခဲ့ခြင်းများအား တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၂၃ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအနီး ညောင် တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၌ မြစ်ကမ်း ရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တွင် ဩဂုတ် ၂၅ရက် နံနက်ပိုင်းမှစ၍ အလျား (၃၀၀)ပေ၊ အနံ (၄၅) ပေခန့် တာကိုယ်ထည်တိုက်စားကာ ဆည်မြောင်းတာ အိပဲ့ကျမှုဖြစ်ပွားသည်။ အလားတူ အဆိုပါ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)၌ ရေတိုက်စားမှုကြောင့် တာမိုင် (၁၂/၂) နှင့် (၁၂/၃) ကြားရှိ စွန့်ပစ်တာ၌ စက်တင်ဘာ ၁၇ ရက်နေ နံနက်ပိုင်းတွင် အလျား ၁၆၀ ပေနှင့် အနံ ၁၅ ပေခန့် တာပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တာကိုယ်ထည်တိုက်စား၍ အိပဲ့ပြိုကျမှုဖြစ်ပေါ်လျက်ရှိသည့် နေရာ များ၌ ရေတိုက်စားမှု ကာကွယ်နိုင်ရန်အတွက် ရေလမ်းသောင်တူးလုပ်ငန်း ဆောင်ရွက် ခြင်း၊ တာမိုင်အမှတ် (၁၂ / ၂) ၅၀၀ ပေ နှင့် (၁၂ /၃) ကြားတွင် မြစ် ကမ်းထိန်း လုပ်ငန်း ဖြစ်သည့် porcupine ချထားခြင်း၊ ယာယီပန်းတာ တည်ဆောက်ခြင်းနှင့် ကမ်းရင်း တာခြေတုတ်ရိုက်သဲဖြည့်ခြင်း၊ တာမိုင်အမှတ် (၁၁/ ၅) နှင့် (၁၁/ ၆) ကြားတွင် ယာယီ ပန်းတာတည်ဆောက်ခြင်းစသည့်လုပ်ငန်းများကိုနယ်မြေခံတပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ လူအင်အား၊ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင်မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ရပ်ကွက် ကျေးရွာများ အတွင်းရေဖြတ်သန်းစီးဆင်းဝင်ရောက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင် ရောက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၇ ခုနှင့် ကျေးရွာအချို့ တို့တွင်ယနေ့ထိရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်း ပညာများ အသုံးပြု၍ ငဝန်ပန်းတာရေဝင်လမ်းအား (Geobags) အိတ်များချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ကာကွယ်ခြင်း ၊Steel Sheet Pile များရိုက်သွင်းခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြင့်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် တာတမံနိမ့်ကျပြီး ရေကျော်စီးဝင်ခဲ့သည့်နေရာ၌ Steel Sheet Pile များ အား အပြီးသတ်ရိုက်သွင်းပြီးဖြစ်ကြောင်းနှင့် Steel Sheet Pile များတောင့်တင်းခိုင်မာ စေရန်အတွက်(Geobags) အိတ်များချခြင်း၊ (Jumbo Bag) အိတ်များချခြင်းလုပ်ငန်း များအား လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ အင်တိုက်အားတိုက်အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် လျက်ရှိသည်။
ထို့အပြင် ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ရွာ၊ ရပ်ကွက်များရှိဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နှုန်းများ၊ အမှိုက်များအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်း အဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေး ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့် ပြည်သူများအား ထမင်းဘူးများ၊ စားသောက် ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များကို အချိန်နှင့် တစ်ပြေးညီဆောင်ရွက် ပေးခြင်းနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။


