စမ်းချောင်းမြို့နယ်၌ လူငယ်အချင်းချင်းစကားများရန်ဖြစ်စဉ် အုပ်စုဖွဲ့ဝိုင်းဝန်းရိုက်နှက်၍ ဓားဖြင့်ထိုးခဲ့သည့် လူငယ်များအား ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌ စက်တင်ဘာလ ၁၇ ရက်နေ့က လူငယ်အချင်းချင်း စကားများရန်ဖြစ်စဉ် အုပ်စုဖွဲ့ဝိုင်းဝန်းရိုက်နှက်၍ ဓားဖြင့်ထိုးခဲ့သည့် လူငယ်များအား ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမပေါ်ရှိ စမ်းချောင်းလင့်မုန့်ဈေးတန်းတွင် ကြည့်မြင်တိုင်မြို့နယ်၊ ဟုမ်းလမ်းဘူတာ ရပ်ကွက်၊ ပန်းလှိုင်အိမ်ရာနေ မောင်ဇူဇင်ဝင်းထွဋ်(၂၃)နှစ်နှင့် သူငယ်ချင်းဖြစ်သူ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ (ဂ)ရပ်ကွက်နေ မောင်အာကာကျော်(၁၈)နှစ်တို့ ၂ ဦးသည် အမည်မသိ လူငယ်တစ်စုနှင့် စကားများရန်ဖြစ်ကြစဉ် ၎င်းတို့ ၂ ဦးအား လူငယ်များမှ ဝိုင်းဝန်းရိုက်နှက်၍ ဆဲဆို ခြိမ်းခြောက်ကာ ဓားဖြင့်ထိုးခဲ့သောကြောင့် မောင်ဇူဇင်ဝင်းထွဋ်နှင့် မောင်အာကာကျော်တို့ ၂ ဦးတွင် ခန္ဓာကိုယ်၌ ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း သတင်းအရ ပြစ်မှုကျူးလွန်သူ လူငယ်များအား ဖော်ထုတ်အရေးယူနိုင်ရေး စမ်းချောင်းမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ကာ တရားခံများအား စုံစမ်း ဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဆိုပါလူငယ်များအား စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန် ရာတွင်ပါဝင်သူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၆)ရပ်ကွက်နေ မရွှေရည်ဝတီ(ခ)သဒ္ဒါ(၁၈)နှစ် အား ယင်းနေ့ညနေပိုင်းတွင် သာကေတမြို့နယ်၊ ၁/ထူပါရုံရပ်ကွက်၊ အမှတ်(၁၀၆၂/ခ)ရှိ နေအိမ်မှ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ စက်တင်ဘာလ ၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် ပြစ်မှုကျူးလွန် ရာ၌ ပါဝင်သူများဖြစ်သည့် မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်နေ သူရိန်ထွန်း(ခ)Harry(၁၈)နှစ်အား ဒဂုံမြို့နယ်၊ ပြည်(အနောက်)ရပ်ကွက်၊ တော်ဝင်လမ်း၌လည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်နေ တင်အောင်ဝင်း(ခ)ဇင်ကို(၁၈)နှစ်အား ၎င်း၏နေအိမ်မှလည်းကောင်း၊ တစ်ရပ်ကွက်တည်းနေ နိုင်မင်းခန့်(ခ)အာကာဟိန်း(ခ)ရိုင်ကူး(၁၇)နှစ်အား မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ တိလောက ရပ်ကွက်၊ ရန်ကုန်-ပြည် ကားလမ်းမဘေး၌ ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် အရိုး/အသွား ၆ လက်မခွဲခန့်ရှိ ဓားမြှောင် ၁ ချောင်းဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ ယင်းနေ့ညပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်နေ အောင်အောင် (ခ)ဘူးသီး(၂၀)နှစ်၊ မြောက်ဥက္ကလာပမြို့နယ်၊ အပိုင်း(၂)နေ အောင်မြတ်သူ(ခ)နေသက်တန့်လင်း (ခ)ဘိုကီး(၁၄)နှစ်နှင့် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်နေ မင်းထက်ကျော်(ခ)ကောင်းစည်သူ (ခ)K(၁၇)နှစ်တို့ ၃ ဦးအား မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်၊ ခတ္တာလမ်းထိပ်ရှိ လက်ဖက်ရည် ဆိုင်၌လည်းကောင်း၊ မရမ်းကုန်းမြိုနယ်၊ (၅)ရပ်ကွက်နေ ပြည့်စုံအောင်(၁၆)နှစ်အား ၎င်း၏နေအိမ်မှ လည်းကောင်း အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့ပြီး မှုခင်းဖြစ်ပွားခဲ့မှုအခြေအနေအား ဆက်လက် စစ်ဆေးကာ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
