တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ

Wednesday, September 23, 2026 - 08:00

 

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ

 

နေပြည်တော် စက်တင်ဘာ ၂၂

 

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား လူငယ် မောင်မယ်များ နိုင်ငံတော်၏သမိုင်းနှင့် တပ်မတော်၏ သမိုင်းကြောင်းများ ကိုသိရှိပြီး အသိပညာဗဟုသုတများစွာရရှိစေရန်၊ တပ်မတော် အကြီးအကဲများ၏ နိုင်ငံတော်နှင့်တပ်မတော်အပေါ်ထားရှိသောစေတနာနှင့် တပ်မတော်၏ နိုင်ငံ့အကျိုးဆောင်ရွက်ချက်များကိုသိရှိစေရန်၊ လူငယ်များအား မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေပြီး နိင်ငံချစ်စိတ်နှင့် တိုင်းပြည် ချစ်စိတ်များ တိုးတက် ဖြစ်ထွန်းလာစေရန် ၊ ကျောင်းသင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို အထောက်အကူပြုစေရန်၊ကျောင်းသား/ကျောင်းသူတစ်ဦးချင်းစီ၏ ပြင်ပလေ့လာမှတ်သားနားလည်မှု စွမ်းရည်တိုးတက်လာပြီး ပတ်ဝန်းကျင်ရှုခင်းများ ကြည့်ရှု့ရင်း စိတ်ကြည်လင်လန်းဆန်း တက်ကြွမှုရရှိစေပြီး သင်ကြားမှု၊ သင်ယူမှုများ ပိုမိုအားကောင်းလာစေရန်ရည်ရွယ်၍ တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ လာရောက်လေ့လာ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

    

ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တပ်ကုန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း - (ကင်းသာ)၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) - (သူဌေးကုန်း)နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (စေတနာ) တို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည်  ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့လာရောက်လေ့လာကြသည်။

 

ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)အတွင်းရှိ ပြင်ပပြကွက်များကို စတင်လေ့လာကြရာ တပ်မတော်(ရေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော စစ်ရေယာဉ်ပုံစံတူများနှင့် တပ်မတော် (လေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသ ထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သော တပ်မတော်လေယာဥ်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြသည်။  ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက စစ်သမိုင်းပြတိုက်အတွင်းရှိ ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို လိုက်လံရှင်းလင်းပြောကြားရာ    တပ်မတော် (ရေ) ပြခန်းတွင် မြန်နိုင်ငံအတွင်းရှိ ပင်လယ်ပြင်ဧရိယာအကျယ်အဝန်းနှင့် ရေပိုင်နက် နယ်နမိတ်ပြကွက်၊ ရှေးခေတ် မြန်မာ့ရေတပ်၊ ဂျပန်ခေတ်မြန်မာ့ရေတပ်နှင့် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ့ရေတပ်မှတ်တမ်းဓာတ်ပုံများ ခေတ်အဆက်ဆက် တပ်မတော် (ရေ)၏ သမိုင်းမှတ်တမ်းဓာတ်ပုံများ စစ်ရေယာဉ်ပုံစံငယ်များကို လည်းကောင်း၊ တပ်မတော် (လေ) ပြခန်းတွင် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သော ကာကွယ်ရေး ဦးစီးချုပ် (လေ)များ၏ ဓာတ်ပုံမှတ်တမ်းများ တပ်မတော် (လေ)၏ ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ တပ်မတော်(လေ)၏ မူးယစ်ဆေးဝါးနှိမ်နှင်းရေးတွင် ပါဝင်ဆောင်ရွက်မှု ဓာတ်ပုံမှတ်တမ်းများ၊ လေသူရဲကောင်းများ မွေးထုတ်ပုံအဆင့်ဆင့် ဓာတ်ပုံမှတ်တမ်းများကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြိီး တပ်မတော် (ကြည်း) ပြခန်းတွင် ရှေးမြန်မာမင်းများ အသုံးပြုသည့်ပစ္စည်းများ၊ ရှေးခေတ် မြန်မာ့တပ်မတော် အသုံးအဆောင်ပစ္စည်းများ စစ်အင်္ဂါလေးပါးဖြင့် စစ်ထွက်တော်မူပုံ ပြကွက်၊ သမိုင်းကြောင်းပြကွက်များကို လေ့လာကြည့်ရှု့ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ရှင်းလင်းဖြေကြားပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်းရုပ်ရှင်ကြည့်ရှုကြသည်။ ဆက်လက်ပြီး ယနေ့လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏မေးမြန်းချက်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများ အဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို အသီးသီး ဆုအဖြစ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။