ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှုနေရာများနှင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့်ဧရာဝတီတိုင်းဒေသကြီးရှိမြို့နယ် ၆ မြို့နယ်တို့တွင် ရေဝင်ရောက်ခဲ့ခြင်းများအားတားဆီးကာကွယ်ရေးလုပ်ငန်းမျာ

Tuesday, September 22, 2026 - 11:15

 

ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှုနေရာများနှင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့်ဧရာဝတီတိုင်းဒေသကြီးရှိမြို့နယ် ၆ မြို့နယ်တို့တွင် ရေဝင်ရောက်ခဲ့ခြင်းများအားတားဆီးကာကွယ်ရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်

 

နေပြည်တော် စက်တင်ဘာ ၂၁ 

 

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၌  မြစ်ကမ်းရေတိုက်စားမှုကြောင့်  ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)တွင်  ဩဂုတ်လ၂၅ရက်နံနက်ပိုင်းမှစ၍ အလျား (၃၀၀)ပေ၊ အနံ (၄၅) ပေခန့် တာကိုယ်ထည်တိုက်စားကာ ဆည်မြောင်းတာ အိပဲ့ကျမှုဖြစ်ပွားသည်။ အလားတူ အဆိုပါညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)၌ရေတိုက်စားမှုကြောင့် တာမိုင်(၁၂/၂) နှင့် (၁၂/၃) ကြားရှိ  စွန့်ပစ်တာ၌ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် အလျား ၁၆၀ပေနှင့် အနံ ၁၅ ပေခန့် ထပ်မံ၍ တာပြိုကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

အဆိုပါ တာကိုယ်ထည်တိုက်စား၍ အိပဲ့ပြိုကျမှုဖြစ်ပေါ်လျက်ရှိသည့်နေရာများ၌ ရေတိုက်စားမှု ကာကွယ်နိုင်ရန် အတွက် ရေလမ်းသောင်တူးလုပ်ငန်းဆောင်ရွက်ခြင်း၊ တုတ်တန်းရိုက်၊ သဲအိတ်ဖြည့်ခြင်း၊ သဲအိတ်ဖြည့် တာခြေထောက် ခြင်းနှင့် ယာယီပန်းတာတည်ဆောက်ခြင်း၊ သံမဏိကြိုးဆိုင်း‌ရေကာဆောင်ရွက်ခြင်း၊ Floating Unit ပြုလုပ်ခြင်း လုပ်ငန်း၊ Geotextile အစများဖြင့် ကမ်းပြိုကာကွယ်ခြင်း၊ ရေနက်ပိုင်းရေစီးနှုန်းနှင့် ရေဦးထိုးမှုလျော့ကျစေရန် ဝါးသုံး ချောင်းထောက် သဲအိတ်ဆွဲခြင်း စသည့်လုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍လူအင်အား၊ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် မိုးသည်း ထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက် ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့်   ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၅ ခုနှင့် ကျေးရွာအချို့တို့တွင် ယနေ့ထိရေဝင်ရောက်မှုများ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

အဆိုပါ ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာများအသုံးပြု၍  Geobags သဲအိတ်ကြီးများ ချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်းစသည့် ငဝန်ပန်းတာတမံနိမ့်ကျနေရာများ ပြန်လည်ခိုင်မာရေးလုပ်ငန်းများကိုလူအင်အား၊ စက်ယန္တရား များ အသုံးပြု၍   အင်တိုက်အားတိုက်အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်း များ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်း အဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေး သင့်ပြည်သူများအား ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို    အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခြင်းနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။ထိုသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။(၁၀၀)