ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သောမြန်မာကိုယ်စား လှယ်အဖွဲ့ (၁၃)ကြိမ်မြောက် ပေကျင်းရှန်ဆန်းဖိုရမ်သို့တက်ရောက်

Monday, September 21, 2026 - 11:00

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သောမြန်မာကိုယ်စား လှယ်အဖွဲ့ (၁၃)ကြိမ်မြောက် ပေကျင်းရှန်ဆန်းဖိုရမ်သို့တက်ရောက်

 

ရန်ကုန်   စက်တင်ဘာ  ၂၀ 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး တုံကျွင်း (Admiral Dungjun) ၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပသော (၁၃) ကြိမ်မြောက် ပေကျင်းရှန်ဆန်းဖိုရမ်သို့တက်ရောက်ခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးအား စက်တင်ဘာလ ၁၅ ရက်နေ့နံနက်ပိုင်းတွင်  တရုတ်နိုင်ငံ၊ အမျိုးသားကာကွယ်ရေးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး တုံကျွင်းက ပေကျင်းအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (Beijing International Convention  Center)၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဌာနဝန်ကြီးတို့သည် မြန်မာ - တရုတ် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စများအား ဆွေးနွေးခဲ့ကြသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တည်ခင်းဧည့်ခံသော ဖိုရမ်ဖွင့်ပွဲကြိုဆိုနှုတ်ခွန်းဆက်ညစာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖိုရမ်ပထမနေ့စုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။ ၎င်းနောက် ဖိုရမ်သို့ပါဝင်တက်ရောက်လျက်ရှိသည့် ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများနှင့် နှစ်နိုင်ငံအလွတ်သဘောသီးသန့်တွေ့ဆုံမှုများကို ဆောင်ရွက်ခဲ့သည်။ ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးက ပေကျင်းမြို့ စစ်သမိုင်းပြတိုက်တွင် တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ၁၇ ရက်နေ့တွင်  BICC ၌ ကျင်းပသော  ဖိုရမ် ဒုတိယနေ့စုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိန်ခေါ်မှုများနှင့်အခန်းကဏ္ဍခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့သည်။ (၁၃)ကြိမ်မြောက် ပေကျင်းရှန်ဆန်းဖိုရမ်သို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကာကွယ်ရေးဝန်ကြီးများ၊ လုံခြုံရေးနှင့်  သက်ဆိုင်သောအဆင့်မြင့်အရာရှိကြီးများနှင့်   နိုင်ငံတကာလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာလေ့လာ သူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ 

ခရီးစဉ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တာဝန်ရှိသူများလိုက်ပါလျက် တရုတ်နိုင်ငံ  ပေကျင်းမြို့ရှိ စစ်ဘက်နည်းပညာဆိုင်ရာ ကုမ္ပဏီများအား လှည့်လည်ကြည့်ရှုခဲ့သည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် ပေကျင်းမြို့ရှိ မြန်မာသံရုံးသို့ သွားရောက်၍ သံရုံးနှင့်စစ်သံရုံးတို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့်  သင်တန်းသားများအား တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။