ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှုနေရာများနှင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၆ မြို့နယ်တို့တွင် ရေဝင်ရောက်ခဲ့ခြင်းများအား တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော် စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ)တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၌ မြစ်ကမ်း ရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ)တွင် ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းမှစ၍ အလျား(၃၀၀)ပေ၊ အနံ (၄၅) ပေခန့် တာကိုယ်ထည်တိုက်စားကာ ဆည်မြောင်းတာအိပဲ့ကျမှုဖြစ်ပွားသည့်နေရာနှင့် စက်တင်ဘာလ ၁၇ ရက်တွင်အဆိုပါညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ)၌ ရေတိုက်စားမှုကြောင့် တာမိုင်(၁၂/၂) နှင့် (၁၂/၃) ကြားရှိ စွန့်ပစ်တာ အလျား ၁၆၀ ပေနှင့် အနံ ၁၅ ပေခန့် တာပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တာကိုယ်ထည်တိုက်စားခံရမှုဖြစ်ပေါ်လျက်ရှိသည့်နေရာများ၌ ရေတိုက်စားမှုကာကွယ်နိုင်ရန်အတွက် ရေလမ်းသောင်တူးလုပ်ငန်းဆောင် ရွက်ခြင်း၊ စွန့်ပစ်တာ အလျား ၁၆၀ ပေခန့် ထပ်မံအိပဲ့ ပြိုကျသည့်နေရာအား မြစ်ကမ်းထိန်းလုပ်ငန်းဖြစ်သည့် porcupine ချထားခြင်း၊ Geotextine လုပ်ငန်းဆောင်ရွက်ခြင်း၊ သံမဏိကြိုးအသုံးပြုရေစီးထိန်းလုပ်ငန်းဆောင်ရွက်ခြင်း၊ ယာယီပန်းတာတည်ဆောက်ခြင်းနှင့်ကမ်းရင်းတာခြေ တုတ်ရိုက်သဲဖြည့်ခြင်း စသည့် မြစ်ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ခြင်းများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများ ပူးပေါင်း၍လူအင်အား၊ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက်အရှိန် အဟုန်မြှင့်ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ဒေသခံပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ ကူညီဆောင်ရွက်ပေးနေသည့် တပ်မတော်သား များ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်သည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင်မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ရပ်ကွက် ကျေးရွာများအတွင်းရေဖြတ်သန်းစီးဆင်းဝင်ရောက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင် ရောက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်း မြို့နယ်များရှိ ရပ်ကွက် ၁၅ ခုနှင့် ကျေးရွာအချို့တို့တွင် ယနေ့ထိ ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
အဆိုပါ ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာများအသုံးပြု၍ Geobags သဲအိတ်ကြီးများ ချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်းစသည့် ငဝန်ပန်းတာတမံနိမ့်ကျနေရာများ ပြန်လည်ခိုင်မာရေးလုပ်ငန်းများကိုလူအင်အား၊ စက် ယန္တရားများအသုံးပြု၍ အင်တိုက်အားတိုက်အရှိန်အဟုန်မြှင့်ဆက် လက်ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ ရွာ၊ ရပ်ကွက်များရှိဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နှုန်းများ၊ အမှိုက်များအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့်ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့် ပြည်သူများအား ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးခြင်းနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာအနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများကသွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)



