ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အမျိုးသမီးငယ် ၂ ဦးအား သွေးဆောင်ဖမ်းဆီးခေါ်ဆောင်၍ အဓမ္မပြုကျင့်ကာ ငွေခြောက်လှန့်တောင်းယူသူ တရားခံအမျိုးသား ၁ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးအရေးယူ

Saturday, September 19, 2026 - 10:00

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အမျိုးသမီးငယ် ၂ ဦးအား သွေးဆောင်ဖမ်းဆီးခေါ်ဆောင်၍ အဓမ္မပြုကျင့်ကာ ငွေခြောက်လှန့်တောင်းယူသူ တရားခံအမျိုးသား ၁ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးအရေးယူ

 

နေပြည်တော်၊ စက်တင်ဘာ ၁၈

 

          ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီအချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နေ အမျိုးသမီးငယ် (၂)ဦးသည်   City Mall သို့ Hot Pot သွားစားမည်ဟုပြောဆိုကာ နေအိမ်မှ ထွက်ခွာသွားပြီးနောက် ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေသဖြင့် မိခင်ဖြစ်သူမှ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်းသို့ ကူညီစုံစမ်းပေးနိုင်ပါရန် သတင်းပေးပို့ချက် အရ ပျောက်ဆုံးနေသည့် အမျိုးသမီးငယ် ၂ ဦးအား ရှာဖွေတွေ့ရှိရေး စုံစမ်း ဆောင်ရွက်ခဲ့သည်။

          ထိုသို့ ပျောက်ဆုံးနေသည့် အမျိုးသမီးငယ် ၂ ဦးအား ရှာဖွေကယ်တင်နိုင်ရေး ဆောင်ရွက် နေစဉ် စက်တင်ဘာလ ၁၆ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်၊ ငါးမာန်အောင်ဘုရားလမ်းရှိ “တို့အင်းလေး” လက်ဖက်ရည်ဆိုင်အနီး၌ (၁၈)နှစ် အရွယ် အမျိုးသမီး(၁)ဦးအားလည်းကောင်း၊ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်၊ ငါးမာန်အောင်ဘုရားလမ်းရှိ Capital ဆိုင်အနီး၌  (၁၆)နှစ်အရွယ်အမျိုးသမီး(၁)ဦးအားလည်းကောင်း မိဘများက ပြန်လည် ရှာဖွေတွေ့ရှိခဲ့သည်။

          အမျိုးသမီးငယ် ၂ ဦးတို့၏ ထွက်ဆိုချက်အရ ၎င်းတို့ ၂ ဦးသည် စက်တင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် City Mall မှ နေအိမ်သို့  ပြန်လာစဉ် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၇)ရပ်ကွက်၊ ဆရာစံလမ်းအရောက်၌ အမည်မသိ အမျိုးသား ၁ ဦးက မော်တော်ယာဉ် ၁  စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့အနီး၌ ရပ်တန့်ကာ အသက်အရွယ်နှင့် ဘယ်ကပြန်လာကြောင်း မေးမြန်း သဖြင့်    ပြန်လည်ပြောကြားခဲ့ရာ အဆိုပါအမျိုးသားမှ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်များ ဖြစ်၍ နေအိမ်သို့ လိုက်ပို့ပေးမည်ဖြစ်ကြောင်း ယုံကြည်အောင်ပြောဆိုသဖြင့် ၎င်းတို့ ၂ ဦးသည် အဆိုပါယာဉ်ဖြင့် လိုက်ပါခဲ့ကြောင်း၊ ၎င်းအမျိုးသားသည် မော်တော်ယာဉ်အား ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်း ပတ်၍မောင်းနေခဲ့ပြီး နာရီဝက်ခန့်အကြာတွင် အဆိုပါ အမျိုးသမီးငယ်  ၂ ဦးတို့အား အသင့်ပါလာသော သေနတ်၊ ဓားတို့ဖြင့် ခြိမ်းခြောက်  ပြောဆိုကာ    ၁ ယောက် လျှင် ငွေ ၅ သိန်းကျပ်ဖြင့် ငွေ ၁၀ သိန်းကျပ် ပေးရမည်ဖြစ်ကြောင်း၊ ငွေလက်ခံရရှိပါက ပြန်လည်ပို့ပေး မည်ဖြစ်ကြောင်း မိဘများထံဖုန်းဖြင့် ဆက်သွယ်၍ ခြိမ်းခြောက် ပြောဆိုကာ ၁၈နှစ်အရွယ် အမျိုးသမီးငယ်အား ယင်းနေ့ ည ၁၁ နာရီအချိန်ခန့်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၃၃) ရပ်ကွက်၊ ငါးမာန်အောင်ဘုရားလမ်း “တို့အင်းလေး” လက်ဖက်ရည်ဆိုင်အနီး၌ ချထားပေးခဲ့ ကြောင်း။

          ဆက်လက်၍  ၎င်းအမျိုးသားသည် ၁၆နှစ်အရွယ် အမျိုးသမီးငယ်အား မော်တော်ယာဉ်ဖြင့် ဆက်လက်ခေါ်ဆောင်သွားကာ တောင်ဥက္ကလာပမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်များအတွင်း မော်တော်ယာဉ်အား ပတ်၍ မောင်းနှင်ခဲ့ပြီး လမ်းတစ်နေရာအရောက်၌ ယာဉ်အားရပ်တန့်ကာ အမျိုးသမီးငယ်အား ဓားဖြင့်ခြိမ်းခြောက်၍ အဓမ္မ ၁ ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ အမျိုးသမီးငယ်၏ မိဘများထံမှ ငွေ ၁၀ သိန်းကျပ်အား KBZ Pay မှတစ်ဆင့် လက်ခံရယူပြီးနောက် တောင်ဥက္ကလာပ မြို့နယ်၊ လမ်းတစ်နေရာ၌ အဓမ္မ ၁ ကြိမ် ထပ်မံပြုကျင့်ကာ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၄ နာရီခန့်အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်၊ ငါးမာန်အောင် ဘုရားလမ်း၊ Capital ဆိုင်အနီး၌ အမျိုးသမီးငယ်အား ထားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၈၉၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၆၅/၃၈၇/၃၇၆ ဖြင့် အမှုရေးဖွင့်ပြီး တရားခံအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့သည်။

          လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် တရားခံ သီဟအောင်(၂၈)နှစ် အား အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ ၄/ တောင်လမ်းပေါ်၌ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် YGN-9 3J-5625 TOYOTA PRADO အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ ZTE အမျိုးအစား ဖုန်း ၁ လုံး၊ Hangun စာတန်းပါ ကော်သေနတ် ၁ လက်၊ အရိုး/အသွား ၉ လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်း၊ Redmi Note 15 Pro ဖုန်း ၁ လုံးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး            ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။