တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၅၄)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ ကျင်းပပြုလုပ်
နေပြည်တော် စက်တင်ဘာ ၁၈
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၅၄)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်နှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်မိန့်ခွန်း ပြောကြားသည်။ ထို့နောက်(၅၄)နှစ်မြောက်တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆုချီးမြှင့်ခြင်းကို ဆက်လက်ပြုလုပ်ရာ အရာရှိ၊ စစ်သည်များနှင့်အရပ်သား(အစားခန့်) ဝန်ထမ်းများအတွက်ဝတ်စုံများပေးအပ်ခြင်း၊ အားကစားပြိုင်ပွဲ များတွင် ဆုရရှိခဲ့ကြသည့် ထူးချွန်အားကစားသမားများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် ဆုရရှိခဲ့ကြသည့် အားကစားသမားများ၊ သင်တန်းများတွင် ထူးချွန်ဆုရရှိကြသူများ၊ အိမ်ထောင်သည်လိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သန့်ရှင်းရေးအကောင်းဆုံးဆု ရရှိကြသူများအား တိုင်းမှူးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများ၊ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် ဗလာမပါကံစမ်းမဲများ မဲဖောက်ပေးခဲ့ကြသည်။
ယင်းနောက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်းသတင်းရရှိသည်။ (၁၀၀)
