ခမောက်ကြီးချောင်းရေမြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက်တွင် ရေဝင်ရောက်မှုဖြစ်ပွား၊ ကူညီကယ်ဆယ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက်ဆောင်ရွက်

Saturday, September 19, 2026 - 09:30

 

ခမောက်ကြီးချောင်းရေမြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက်တွင် ရေဝင်ရောက်မှုဖြစ်ပွား၊ ကူညီကယ်ဆယ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက်ဆောင်ရွက်

 

နေပြည်တော် စက်တင်ဘာ ၁၈

 

တနင်္သာရီတိုင်းဒေသကြီး၊  ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အတွင်း စက်တင်ဘာလ ၁၇ ရက် ညပိုင်းက  မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုတို့ကြောင့်  ခမောက်ကြီးချောင်းရေမြင့်တက်မှုဖြစ်ပွားခဲ့ပြီး ခမောက်ကြီးမြို့၊  ရပ်ကွက်(၁)အတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ရေဝင်ရောက်မှုဖြစ်ပေါ်သည့် ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်း အဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများပူးပေါင်း၍  ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ခြင်း၊ နီးစပ်ရာဆွေးမျိုးများ၏ နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊  စားသောက်ဖွယ်ရာများ  လိုက်လံပို့ဆောင်ပေးခြင်းနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို  အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။ထို့အပြင် ခမောက်ကြီးချောင်းရေမြင့်တက်မှုကြောင့် ခမောက်ကြီးမြို့အနီး ဘုတ်ပြင်း - ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်၌ ပေ ၂၀၀ ခန့် ရေကျော် လျက်ရှိသဖြင့် မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေး တပ်မတော်သားများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လမ်းကြောင်းပြ အမှတ်အသားများ ပြုလုပ်ပေးခြင်းနှင့် လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက်ရှိပြီး ချောင်းရေမြင့် တက်မှုအခြေအနေအား စောင့်ကြည့်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ   ဆောင်ရွက်နိုင်ရေး အသင့်စုဖွဲ့  စောင့်ကြည့်လျက်ရှိသည်။ 

ထိုသို့ ကူညီကယ်ဆယ်ရေး နှင့် ရေဝင်ရောက်မှုတားဆီးကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို  ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။