အွန်လိုင်းလိမ်လည်မှု (Telecom  Fraud)လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံသား ခုနစ် ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့

Friday, September 18, 2026 - 09:00

 

အွန်လိုင်းလိမ်လည်မှု (Telecom  Fraud)လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံသား ခုနစ် ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့

 

နေပြည်တော်၊   စက်တင်ဘာ                 ၁၇

 

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊  လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။

ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသား သုံး ဦး၊ သီရိလင်္ကာနိုင်ငံသား  နှစ် ဦး၊ တရုတ်နိုင်ငံသား တစ် ဦးနှင့် အိန္ဒိယနိုင်ငံသား တစ် ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ခုနစ် ဦးတို့အား ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။

အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်း     ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၃၄၄ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလော)ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပ နိုင်ငံသား ၆၄၀ ဦးရှိသည့်အတွက် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၇၀၄ ဦးတို့အား သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)