နမ့်စန်မြို့နယ်၊ကုန်းယောင်းကျေးရွာအနီး၌အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်လျက်ရှိသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

Friday, September 18, 2026 - 08:30

 

နမ့်စန်မြို့နယ်၊ကုန်းယောင်းကျေးရွာအနီး၌အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်လျက်ရှိသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်‌တော် စက်တင်ဘာ ၁၇

 

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာပြီး ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ် အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင်  အလုံးစုံအန္တရာယ်ပေးလျက် ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူများအား ရှာဖွေဖော်ထုတ်တားဆီးကာကွယ်ခြင်းများကိုအမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နန့်စန်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများ နေထိုင်လျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက အဆိုပါမြို့နယ်အတွင်းစုံစမ်းရှာဖွေဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၉ နာရီခန့်တွင်   နန့်စန်မြို့နယ်၊ ကုန်းယောင်ကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၁၅၀၀ခန့်အကွာ၌  အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၉ ဦး၊ အမျိုးသမီး၁ဦး၊  မြန်မာနိုင်ငံသား အမျိုးသား ၂၆ ဦး အမျိုးသမီး ၁၄ ဦး၊ စုစုပေါင်း ၅၀ဦးတို့အား အလျား ၆၀ ပေ၊ အနံ ၂၀ ပေ၊ အလုပ်ရုံ(သက်ကယ်မိုး/အုတ်ကာ) အဆောက်အအုံ ၁ လုံး၊ အလျား ၅၀ ပေ၊ အနံ ၂၀ ပေ၊ အလုပ်သမားတန်းလျား(သက်ကယ်မိုး/ပျဉ်ကာ) အဆောက်အအုံ ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ၊ ‌လူနေဆောင် (သွပ်မိုး/အုတ်ကာ) အဆောက်အအုံ ၂ လုံး၊ အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ (သွပ်မိုး/သွပ်ကာ) စားချက်ဆောင် ၁ လုံး၊ Star Link  ၂၀ စုံ၊ Laptop ၂၅ လုံး၊ ALL In One Computer  ၂၀ လုံး၊ ဖုန်းမျိုးစုံ ၂၁၇ လုံး၊ System ပုံး ၉ လုံး၊ Printer ၂ လုံး၊ ရေခဲသေတ္တာ ၁ လုံး၊ Freezer ၁ လုံး၊ ထိုင်ခုံမျိုးစုံ ၅၀ လုံး၊ မီးစက် (အကြီး) ၁ လုံး၊ အလျား ၃ ပေ၊ အနံ ၆ ပေ စားပွဲ ၁၅ လုံး၊ ပန်ကာ ၄ လုံးတို့နှင့် အတူဖမ်းဆီးရမိခဲ့သည်။ 

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီးသိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအားလုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့်အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများပပျောက်စေရေးနှင့်မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊နိုင်ငံတာကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်း စဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။(၁၀၀)